UCL ဘုရင်ကြီး အန်ဆယ်လော့တီ ၊ တကွက်မှားတဲ့ PSG ၊ စိတ်ပျက်စရာ ဒဏ်ရာသတင်းတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်တွေ မှာတော့ မထင်မှတ်ထားတဲ့ ရလဒ်တွေ မထွက်ပေါ် သလောက် နည်းခဲ့ ပါတယ် ။ အုပ်စု H က လွဲရင် ကျန်တဲ့ အုပ်စုတွေ မှာ အဆင့် ၁ ရသင့်သူက အဆင့် ၁ ၊ အဆင့် ၂ ရသင့်တဲ့ အသင်းက အဆင့် ၂ အနေနဲ့ နောက်တဆင့်ကို အသီးသီး တက်လှမ်း နိုင်ခဲ့ ကြပါတယ် ။

အုပ်စု H မှာတော့ ဘင်ဖီကာ ဟာ အဝေးကွင်းမှာ မက္ကာဘီဟိုင်ဖာ ကို ၆-၁ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပါတယ် ။ ဒီဂိုးပြတ် နိုင်ပွဲဟာ သူတို့ကို PSG ရဲ့ အထက် ကို တက်လှမ်း သွားစေခဲ့ပြီး အုပ်စု ပထမ နေရာကနေ နောက်တဆင့် တက်လှမ်း နိုင်စေခဲ့ ပါတယ် ။

ဘာပေ ၊ နေမာ ၊ မက်ဆီ တို့ရဲ့ PSG ကတော့ အုပ်စု ဒုတိယ ဖြစ်သွားတာကြောင့် ၁၆ သင်းဆင့်မှာ အသင်းကြီးတွေ နဲ့ ဆုံရဖို့ အလားအလာများသွားခဲ့ ပါတယ် ။

မနေ့ ညက ဂိုးပြတ် နိုင်ပွဲတွေ များခဲ့ပါတယ် ။ ရီးရဲ က အိမ်ကွင်းမှာ ဆဲလ်တစ် ကို ၁ ယောက်တဂိုး သွင်းပြီး ၅-၁ နဲ့ အနိုင် ယူခဲ့သလို လိုက်ပ်ဇစ် ကလည်း အဝေးကွင်းမှာ ရှက်တာ ကို ၄-၀ ၊ အေစီမီလန် က အိမ်ကွင်းမှာ ဆဲလ်ဘာ့ဂ် ကို ၄-၀ တွေနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

 

မန်စီးတီး ကလည်း အိမ်ကွင်းမှာ ဆီဗီးလား ကို ၃-၁ နဲ့ နိုင်ခဲ့ပြီး စီးတီး အတွက် ဂိုးသွင်းပေးခဲ့တဲ့ လူငယ်လေး ရီကို လူးဝစ် ကတော့ ကလပ် အသင်းရဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဂိုးသွင်းရှင် ဖြစ်လာခဲ့ ပါတယ် ။

ရီးရဲ ရဲ့ နိုင်ပွဲနဲ့ အတူ နည်းပြကြီး ကာလို အန်ဆယ်လော့တီ ဟာ ချန်ပီယံလိဂ် မှာ နိုင်ပွဲ ၁၀၃ ပွဲ ရရှိ သွားခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန် ရဲ့ ၁၀၂ ပွဲ စံချိန်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် သမိုင်းတလျောက် နိုင်ပွဲ အများဆုံး ရရှိတဲ့ နည်းပြ အဖြစ် မှတ်တမ်းသစ် ရေးထိုးသွား နိုင်ခဲ့ ပါတယ် ။

ကမ္ဘာ့ဖလား နီးကပ်လာချိန်မှာ လက်ရွေးစင် ကစားသမားတွေ တယောက်ပြီး တယောက် ဒဏ်ရာ ရရှိ လာတာဟာ ပြိုင်ပွဲဝင်မယ့် အသင်းတွေ အတွက် စိတ်လေးစရာ ဖြစ်စေခဲ့ ပါတယ် ။

မနေ့ညက ပွဲမှာလည်း ချဲလ်ဆီး ရဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဒဏ်ရာ ရရှိသွားခဲ့ ပြန်ပါတယ် ။

နာပိုလီ ကို အနိုင် ရတဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ ဂျိမ်းစ် မေလ်နာ ရဲ့ အခြေအနေဟာ ပြင်းထန်မှု မရှိပေမယ့် ထပ်မံ စစ်ဆေးဖို့တော့ လိုအပ်မယ်လို့ လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ က ပြောဆို သွားခဲ့ ပါတယ် ။

အင်္ဂါနေ့ည ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒဏ်ရာ ရခဲ့တဲ့ တော့တင်ဟမ် ဟော့စပါး တောင်ပံ ကစားသမား ဆွန်ဟောင်မင် ကတော့ မျက်လုံးနားကို ခွဲစိတ်ကုသရမှာ ဖြစ်တာကြောင့် လီဗာပူး နဲ့ ပွဲကို လွဲဖို့ ရှိလာခဲ့ ပါတယ် ။ ကမ္ဘာ့ဖလား အတွက် ကတော့ စိတ်မပူရဘူးလို့ သိရပါတယ် ။

အာဆင်နယ် ရဲ့ အင်္ဂလန် ကစားသမားလေး ဘူကာယို ဆာကာ ကတော့ ဖောရက်စ် နဲ့ ပွဲတုန်းက ဒဏ်ရာ ရရှိ အပြီး ၃ ရက် အကြာမှာတင် လေ့ကျင့်မှု ပြန်လည် ပြုလုပ် နိုင်ခဲ့တယ်လို့ သတင်းကောင်း ကြားသိရ ပါတယ် ။

 

အာဆင်နယ် ရဲ့ ဘရာဇီးကြယ်ပွင့်လေး ဂါဘရီရယ် မာတင်နယ်လီ က အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့ အဆင်သင့် ရှိနေပြီး အာဆင်နယ် အနေနဲ့ လက်မှတ်ထိုးမယ့် ဘောပင်သာ ယူလာဖို့ လိုအပ်ပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မာတင်နယ်လီ ဟာ အာဆင်နယ် မှာ တပတ် လုပ်ခ ပေါင် ၇ သောင်းသာ ရရှိသူ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက ပေါင် ၁ သိန်း အနည်းဆုံး ရဖွယ် ရှိနေပါတယ် ။

အေစီမီလန် နဲ့ ဘာစီလိုနာ တို့ဟာ ချဲလ်ဆီး ရဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ညို ကိုလာမယ့် နွေရာသီမှာ အပြိုင် ကမ်းလှမ်းဖို့ စောင့်ကြည့် နေကြပါတယ် ။ ဂျော်ဂျင်ညို ဟာ ရာသီ အကုန်မှာ ချဲလ်ဆီး နဲ့ စာချုပ် သက်တမ်းကုန်ဆုံးမှာပါ ။

အက်စတွန် ဗီလာ နည်းပြသစ် အူနိုင်း အမ်မရီ ဟာ မနေ့က အသင်းသစ် ကို စတင်ကိုင်တွယ် ခဲ့ပါတယ် ။ ဗီလာ ဟာ ဒီတပတ် မှာ မန်ယူနိုက်တက် နဲ့ ကစားရမှာ ဖြစ်ပြီး နောက်တပတ် မှာလည်း FA Cup ပွဲအဖြစ် မန်ယူနိုက်တက် နဲ့ပဲ ထပ်မံ ကစားရမှာပါ ။

အင်္ဂလန် ဟာ ဗြိတိန် ကျွန်းစုအတွင်းက ပြိုင်ဘက် စကော့တလန် အသင်းနဲ့ လာမယ့်နှစ် စက်တင်ဘာ လ ထဲမှာ ကစားဖို့ သဘောတူညီမှု ရရှိခဲ့ ပါတယ် ။ ဒီပွဲဟာ စကော့တလန် ရဲ့ အမွေအနှစ်ကွင်းကြီး ဖြစ်တဲ့ ဟမ့်ဒမ်ပါခ့် ကွင်းကြီးရဲ့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲ ဖြစ်တယ်လို့လည်း ကြားသိရ ပါတယ် ။

 

ကမ္ဘာ့ဖလား ကာလအတွင်း စပိန်ကလပ်တွေ နဲ့ ခြေစမ်းဖို့ စိတ်ကူးနေတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အခု တဖန်မှာလည်း ရီးရဲ ဘက်တစ် အသင်းနဲ့ ကစားဖို့ ညှိနှိုင်း သဘောတူခဲ့ကြပါတယ် ။

ယူနိုက်တက် ဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကာဒိ့ဇ် နဲ့ ခြေစမ်းမှာ ဖြစ်ပြီး ၃ ရက် အကြာမှာတော့ ဘက်တစ် နဲ့ ထပ်မံ ခြေစမ်းမှာပဲ ဖြစ်ပါတယ် ။

ဗီလာ ဟာ ရီးရဲ မှာ နေရာမရ ဖြစ်နေတဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား အီဒင် ဟာဇက် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလဟာလ သတင်း တခုလည်း ထွက်ပေါ် လာခဲ့ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR