Debut ပွဲမှာ ချဲလ်ဆီး အတွက် ပထမဆုံးဂိုး သွင်းပေးနိုင်ခဲ့တဲ့ ဇာကာရိုင်းယားရဲ့ ခြေစွမ်း အပေါ် အကဲဖြတ် သုံးသပ်လိုက်တဲ့ ဂရေဟမ် ပေါ်တာ

 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ရဲ့ Deadline Day မှာ ယူဗင်တပ်စ် အသင်းကနေ ချဲလ်ဆီး အသင်းသို့ တရာသီ အငှားနဲ့ ရောက်ရှိခဲ့တဲ့ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဒင်းနစ် ဇာကာရိုင်းယားဟာ မနေ့ညက ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ အသင်းသစ် အတွက် ပထမဆုံး အကြိမ် ပွဲထွက်ခွင့် ရခဲ့ပါတယ် ။

ဇာကာရိုင်းယား ဟာ ဒီမတိုင်ခင်က ချဲလ်ဆီး အတွက် တမိနစ်မှ ကစားပေးထားခြင်း မရှိပဲ ၊ အခွင့်အရေး ရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရပါတယ် ။ အုပ်စုဗိုလ် နေရာနဲ့ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီး ဖြစ်တာကြောင့် ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ဟာ မနေ့ညက ပွဲမှာ အားထားရတဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ကို အပြည့်အဝ အနားပေးကာ ၊ ဇာကာရိုင်းယားကို စတင် အသုံးပြုခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ ဒဏ်ရာ အသေးစား ရခဲ့လို့ လူစားလဲ မခံရခင် အထိ ဇာကာရိုင်းယား ဟာ အထူး ခြေစွမ်းပြနိုင်ခဲ့ကာ ၊ မာမာထန်ထန် ကစားပြခဲ့ပြီး အခွင့်အရေး အပြည့်အဝ အသုံးချသွားခဲ့ပါတယ် ။ ယင်းဆွစ်ဇာလန်သားဟာ Box-to-Box နေရာမှာ အံဝင်အောင် ကစားသွားခဲ့ပြီး ၊ အဖျက်အားနဲ့ တကိုယ်တော် တိုးအား ရုန်းအားတွေလည်း ပြသနိုင်ခဲ့ပါတယ် ။

 

ဒါ့အပြင် မနေ့ညက comeback နိုင်ပွဲမှာ အရေးပါတဲ့ အဆုံးအဖြတ် အနိုင်ဂိုးကိုပါ ဇာကာရိုင်းယား တယောက် သူ့ရဲ့ ခြင်္သေ့ပြာ အဖွင့်ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က ဇာကာရိုင်းယားရဲ့ ပွဲထွက် ခြေစွမ်း အပေါ် အခုလိုပဲ အကဲဖြတ် သုံးသပ်သွားခဲ့ပါတယ် ။

ပေါ်တာ က ” ကိုယ်ပိုင် ကစားပုံနဲ့သာ အမြဲတမ်း ကစားဖို့ ကျွန်တော် သူ့ဆီက တောင်းဆိုပြီး ၊ သူ ဒီနေ့ တကယ် ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကိုယ်ပိုင် အရည်အသွေးတွေ ထုတ်ပြနိုင်ခဲ့သလို ၊ ဘောလုံး တားဆီးတဲ့ နေရာတွေမှာ အရမ်း ကောင်းခဲ့ပါတယ် ။ ”

” အသင်းလိုက် တိုက်စစ် ကစားပုံမှာလည်း သူ ကူညီပေးခဲ့ပြီး ၊ ဂိုးသွင်းနိုင်ခဲ့တာကတော့ သူ့အတွက် အတိုင်းထက် အလွန်ပါပဲ ။ သူ့မှာ ဘယ်လို အရည်အသွေးတွေ ရှိတယ် ဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့နိုင်သလို ၊ ကျွန်တော်တို့လည်း ဒါတွေကို ထရိန်နင်မှာကတည်းက မြင်တွေ့ထားပြီးပါပြီ ။ ”

” သူ ဂိုးသွင်းနိုင်ခဲ့တာက အသင်း အတွက်ရော ၊ သူကိုယ်တိုင် အတွက်ပါ ကောင်းပါတယ် ။ ဒီဂိုး အတွက် အသင်း အတွက် အရေးပါခဲ့တာကြောင့် ကျွန်တော် သူ့အတွက် ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ ကစားခွင့် လုံးဝ မရခဲ့တဲ့ အခါတုန်းက သူ အားမလိုအားမရ ဖြစ်နေမှာကို ခင်ဗျားတို့ တွေးကြည့်လို့ ရပါတယ် ။ ”

” ဒါက ကစားသမား တယောက်ရဲ့ ဘဝပါပဲ ။ ဒါပေမယ့် ဒီအခြေအနေကို သူ ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းထားပါတယ် ။ သူ့ကိုယ်သူ ကြံ့ခိုင်မှု ပြည့်နေအောင် ကြိုးစားတယ် ၊ ပြင်းပြင်းထန်ထန် လေ့ကျင့်တယ် ၊ အသင်းနဲ့ အသင်းဖော်တွေကို ကောင်းတဲ့ နည်းလမ်းနဲ့ ပံ့ပိုးနိုင်ဖို့ ကြိုးစားပါတယ် ။ ”

” ဒါမျိုးတွေ ကျင့်ကြံအားထုတ်တော့ အခွင့်အရေး ရတဲ့ အချိန် ခြေစွမ်းတန်းပြနိုင်ပါတယ် ။ ဒီတော့ သူ့ကို ချီးကျူးရမှာပါ ။ အသင်းသားတိုင်း သူ့အတွက် ပျော်ရွှင်နေကြပြီး ၊ ဒီ ကစားသမား အစုအဖွဲ့ အတွက် ဇာတ်လမ်းကောင်း တပုဒ်လည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR