ဘာစီလိုနာ အသင်း နဲ့ သတင်းတွေ ထွက်နေမှု ကို တုန့်ပြန် ပြောကြား လာတဲ့ အာဆင်နယ် နည်းပြ အာတေတာ

 

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စပိန် လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ အနာဂတ် နည်းပြလောင်းစာရင်းမှာ အာဆင်နယ် အသင်း နည်းပြ အာတေတာ ကို ထည့်သွင်း ထားတယ်လို့ ကောလဟလ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ အူနိုင်း အမ်မရီ ကို ထုတ်ပယ် အပြီးမှာ ကစားသမားဟောင်းလည်း ဖြစ်သလို မန်စီးတီး လက်ထောက် နည်းပြ ဖြစ်တဲ့ အာတေတာ ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

စပိန် လူမျိုး နည်းပြ အာတေတာ ဟာ အာဆင်နယ် အသင်းကို စတင် ကိုင်တွယ်ပြီး ၈ လ အကြာမှာတင် အက်ဖ်အေ ဖလား အောင်မြင်မှုကို ရယူ ပေးနိုင်ခဲ့သူပါ ။ ဒါပေမယ့် အာတေတာ ရာသီအစကတည်းက ကိုင်တွယ်ခဲ့တဲ့ ဘောလုံး ရာသီမှာတော့ အာဆင်နယ် အသင်းဟာ အဆင့် ၈ နဲ့သာ ရာသီပိတ်သိမ်းနိုင်ခဲ့ပြီး ဥရောပဝင်ခွင့်လည်း မရသလို ဖလား လက်မဲ့လည်းဖြစ်ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ဘောလုံးရာသီမှာ အာဆင်နယ် အသင်းဟာ ရာသီအစ ရလဒ်ဆိုးရွား ခဲ့ပေမယ့် လူငယ် ကြယ်ပွင့်တွေ ရဲ့ အစွမ်းနဲ့ အတူ အမှတ်ပေး ဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်း နိုင်ခဲ့ပါတယ် ။ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ နီးစပ်တဲ့ အနေအထား အထိ ရောက်ခဲ့ပြီး ရာသီကုန်ခါနီး ခြေချော်မှုကြောင့်သာ အဆင့် ၅ နဲ့ ကျေနပ် ခဲ့ရတာပါ ။

ဒီရာသီမှာတော့ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ရာသီ အဖွင့် ကို ပိုင်ဆိုင် ထားပြီး ၁၂ ပွဲ ကစားအပြီးမှာ ၁၀ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံး နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေနိုင်ပါတယ် ။

အာဆင်နယ် အသင်း အမြင့်ပျံနေမှုမှာ နည်းပြ အာတေတာ ကို ချီးကျူး ပြောဆိုသူတွေ များပြား လာခဲ့ပြီး နည်းပြ အဖြစ် ခန့်အပ်ချင်ကြတဲ့ အသင်းစာရင်းမှာ ဘာစီလိုနာ အသင်း ပါဝင် တယ်လို့ သတင်းတွေ ထွက် နေခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ကတော့ ဇူးရစ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် အသင်း နည်းပြ ဖြစ်ရတာ ဝမ်းသာ ဂုဏ်ယူကြောင်း ဆိုလိုက်ပြီး ဘာစီလိုနာ အသင်းရဲ့လက်ရှိ နည်းပြ အပေါ် လေးစားမှု ထားကြဖို့ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

 

” ကျွန်တော် သေချာပေါက် ​ပြောနိုင်တာ တစ်ခုကတော့ အာဆင်နယ် အသင်းမှာ ရှိနေခွင့် ရတဲ့ အပေါ် အလွန်အမင်း ဝမ်းသာ ဂုဏ်ယူတယ်ဆိုတာပါပဲ ။ ဘာစီလိုနာ အသင်းက တကယ်တော်ပြီး ထက်မြက်တဲ့ နည်းပြ နဲ့ အတူ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတဲ့ အသင်းပါ ၊ ခင်ဗျားတို့ အနေနဲ့ အဲ့ဒါကို လေးစားမှု ထားရပါမယ် ။ ဇာဗီ က ဘာစီလိုနာ ရဲ့ဂန္တဝင် ကစားသမားကြီးလေဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM