ဘန်ချေဝဲလ်ရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း အသိပေးရင်း ၊ အာဆင်နယ်နဲ့ ပွဲကို အခြား ချဲလ်ဆီး ကြယ်ပွင့် တဦး လွဲချော်မှာ ဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက် အသင်းကို ဧည့်ခံ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ စောစောစီးစီး အဖွင့်ဂိုး ပေးခဲ့ရပေမယ့် ၊ နောက်ကနေ လိုက်ကစားကာ ၊ ၂ – ၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ် ။

ဒီပွဲ မတိုင်ခင် ကတည်းက ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်သို့ အုပ်စုဗိုလ်နဲ့ တက်ရောက်ထားပြီးသား ဖြစ်ပေမယ့် ၊ နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်နဲ့ ဂိုးပြတ် အရှုံးရလဒ်ကို ကုစားချင်တဲ့ အတွက် လူစုံတက်စုံ ပွဲထုတ်သွားခဲ့ပါတယ် ။

ပွဲမစခင်တုန်းကတော့ ချဲလ်ဆီး ပရိသတ် အများအပြား က အာဆင်နယ်နဲ့ ပွဲအတွက် လူချန်မယ်လို့ ယူဆခဲ့ကြပါတယ် ။ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေဟာ ဒဏ်ရာ ၊ ပွဲပယ် ကိစ္စတွေ မလိုလားအပ်ပဲ ကြုံရမှာကို စိုးရိမ်ခဲ့ကြပါတယ် ။

ထင်ထားတဲ့ အတိုင်း မနေ့ညက ပွဲရဲ့ နာကျင် အချိန်ပိုမှာ အားထားရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ အနည်းဆုံး တလနဲ့ အထက် အနားယူရနိုင်တဲ့ တံကောက်ကြော ဒဏ်ရာမျိုး ရခဲ့ပါတယ် ။ ဒီဒဏ်ရာက စိုးရိမ်စရာ အနေအထားမှာ ရှိပြီး ၊ ချေဝဲလ် တယောက် ကာတာ ကမ္ဘာ့ဖလားကို လွဲချော်ဖို့ သေချာသလောက် ဖြစ်နေပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က အမှတ်မလိုတဲ့ ပွဲမှာ ဘန်ချေဝဲလ်ကို ဘာကြောင့် ပွဲထုတ် သုံးခဲ့တယ် ဆိုတာ ရှင်းလင်းရင်း ၊ ၄င်း ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာက စိုးရိမ်စရာ ရှိကြောင်း ထုတ်ဖော် ဝန်ခံသွားပါတယ် ။

ပေါ်တာ က ” သူ့ရဲ့ ဒဏ်ရာ အခြေအနေ မကောင်းပါဘူး ။ အမှန်အတိုင်း ဝန်ခံရရင် သူ ဒဏ်ရာ ရခဲ့တဲ့ ပုံစံက စိုးရိမ်စရာ အနေအထား ဖြစ်ပါတယ် ။ ဒီဒဏ်ရာကို စစ်ဆေးသွားဖို့ လိုပြီး ၊ လောလောဆယ်တော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အဖြေ ထွက်ဖို့ပဲ မျှော်လင့်ကြတာပေါ့ ။ ”

” ဘရိုက်တန်နဲ့ ပွဲမှာ သူ ပွဲမထွက်ခဲ့ရတာကြောင့် ဒီနေ့ည ပွဲကို ကစားပြီး ၊ လာမယ့် တနင်္ဂနွေနေ့ ပွဲအတွက် လုံလုံလောက်လောက် နားနိုင်မယ်လို့ ထင်ထားခဲ့တာပါ ။ ကျွန်တော်တို့ သူ့ကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဒ်ီမတိုင်ခင် တပတ် အတွင်း သူ ၃ပွဲဆက် ကစားခဲ့ရတာပါ ။ ”

” ဒီနေ့ ပွဲမှာတော့ သူ လုံလုံလောက်လောက် ကြံ့ခိုင်မှု ပြန်ရနေပြီလို့ ကျွန်တော် တွက်ဆခဲ့တာကြောင့် သူ့ကို ပွဲထုတ်သုံးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့လည်း သူ ဒီနေ့ ရသွားတဲ့ ဒဏ်ရာ အပေါ် ကျွန်တော်တို့ အကြီးအကျယ် စိတ်ပျက်မိတာပါ ။ ”

” ဒါက သူ့အတွက်ရော ၊ ကျွန်တော်တို့ အတွက်ပါ ထိုးနှက်ချက် ဖြစ်ပါတယ် ။ ဝမ်းနည်းစရာ ကောင်းတာက လောလောဆယ် ဒဏ်ရာ ရနေတာက သူ တယောက်တည်း မဟုတ်ပါဘူး ။ အောက်တိုဘာလ ဟာ ကျွန်တော်တို့ ကစားခဲ့ရတဲ့ ပွဲအရေအတွက် အရ အံ့သြဖွယ်ကောင်းလောက်အောင် ခက်ခဲလွန်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ ဒီမတိုင်ခင် ကာလရှည် အနားယူနေရပြီး ၊ ဒူဘိုင်းမှာ ဆေးကုသမှု ခံယူထားရတဲ့ ဝက်စ်လေ ဖိုဖာနာနဲ့ ရိစ်ဂျိမ်းစ်တို့ ရှိနေတဲ့ အပြင် အခုအခါမှာ ဘန်ချေဝဲလ်ပါ ထပ်တိုးလာပြီ ဖြစ်ပါတယ် ။ ဆက်လက်ပြီး ပေါ်တာ က မနေ့ညက နောက်ဆုံး ၂ပွဲဆက် မပါနိုင်ခဲ့တဲ့ စပိန် ဂိုးသမား ကီပါဟာ ခြေထောက် ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ပွဲပါ ဆက်လက် လွဲချော်မယ်လို့ အတည်ပြုသွားပါတယ် ။

ပေါ်တာ က ” ကီပါ က လာမယ့် တနင်္ဂနွေနေ့ ပွဲအမှီ ပြန်ကောင်းလာမှာ မဟုတ်ပါဘူး ။ ချိုင်းထောက် သုံးနေရတာက ခန္ဓာကိုယ် အလေးချိန်က သူ့ရဲ့ ခြေထောက် ဒဏ်ရာ အပေါ် လာပြီး သက်ရောက်မှာ စိုးတဲ့အတွက် ကြိုတင် ကာကွယ်တဲ့ သဘောနဲ့ ဖြစ်ပါတယ် ။ အခြေအနေ တိုးတက်မှုတော့ ရှိပေမယ့် တနင်္ဂနွေနေ့ အမှီတော့ ပြန်ကောင်းဖို့ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR