ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ လီဗာပူးကို ဘယ်အသင်းနဲ့ ဆုံစေချင်သလဲဆိုတာ ပြောပြလိုက်တဲ့ ကာရေဂါ

 

ဂျေမီကာရေဂါက လာမည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးကို ဘယ်အသင်းနဲ့ ဆုံတွေ့စေချင်သလဲ ဆိုတာ ပြောပြသွားခဲ့ပါတယ်။ လီဗာပူးဟာ အိုင်ယက် နာပိုလီ ရိန်းဂျား တို့ ပါ၀င်နေတဲ့ အုပ်စုကျပ်ထဲမှာ ကျရောက်ခဲ့ကာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နာပိုလီကို အန်ဖီးမှာ ၂-၀ နဲ့ ပြန်လည် အနိုင်ရရှိခဲ့ပေမယ့်လည်း head-to-head အရ အုပ်စု ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါ့ကြောင့် လီဗာပူးဟာ ၁၆ သင်း အဆင့်မှာ အခြား group wineers တွေထဲက တစ်သင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး မဲခွဲမှုကို လာမည့် တနင်္လာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး တော့တင်ဟမ် နဲ့ ချဲလ်ဆီး တို့ဟာ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တဆင့်ကို တက်သွားခဲ့တဲ့ အပြင် လာမည့် အဆင့်မှာ တစ်အုပ်စုတည်း ၊ တစ်နိုင်ငံတည်းက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာ မဟုတ်တဲ့ စည်းမျဉ်းကြောင့် လီဗာပူးနဲ့ တွေ့ဆုံနိုင်ခြေရှိတဲ့ အသင်းက ၄ သင်းသာ ကျန်ပါတော့တယ်။

ဒါ့ကြောင့် အန်ဖီးကလပ်ဟာ လာမည့် အဆင့်မှာ ရီးရဲယ်မက်ဒရစ် ဘိုင်ယန်မြူးနစ် ဘင်ဖီကာ ပေါ်တို တစ်သင်းသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး လီဗာပူးနဲ့ အတူ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ကာရေဂါက လာမည့် အဆင့်မှာ လီဗာပူးကို ဘယ်အသင်းနဲ့ ရင်ဆိုင်စေချင်သလဲ ဆိုတာ ပြောပြသွားခဲ့ပါတယ်။

ကာရေဂါက “ကျွန်တော် ကတော့ လီဗာပူးကို လာမည့် ၁၆ သင်း ရှုံးထွက် အဆင့်မှာ ပေါ်တိုနဲ့ တွေ့ဆုံစေချင်ပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီ အနည်းငယ်က ပေါ်တိုနဲ့ အကြိမ် အနည်းငယ် တွေ့ဆုံထားခဲ့တဲ့ မှတ်တမ်း ရှိကာ ရလဒ်တွေလည်း အမြဲတမ်း ကောင်းမွန်ခဲ့ ပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ အရ ဆိုရင် ကျွန်တော်တို့ဟာ အမြဲတမ်း သူတို့ အပေါ် အသာစီး ရနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ထင်ပါတယ်။

ခရစ်စမတ် ကာလ အပြီးမှာ လီဗာပူးဟာ ပြိုင်ဘက်တိုင်း အတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ အခုချိန်မှာ ဘယ် ဆုဖလား ကိုမှ စိန်ခေါ်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိမနေပေမယ့် ဒုတိယ ရာသီ၀က်မှာတော့ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ပုံစံနဲ့ လီဗာပူးကို ပြန်လည် မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ပြောသွား ပါတယ်။

လီဗာပူးဟာ လွန်ခဲ့တဲ့ ချန်ပီယံလိဂ် ၅ ရာသီမှာ ပေါ်တိုနဲ့ ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ၅ ပွဲနိုင်ကာ ၁ ပွဲ သရေကျခဲ့ပြီး သွင်းဂိုး ပေးဂိုး ကတော့ ၁၈-၂ ဖြစ်ပါတယ်။ ပေါ်တို ကတော့ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ကလပ်ဘရုခ်ျ ၊ လေဗာကူဆင် နဲ့ အက်သလက်တီကို တို့ကို ကျော်ဖြတ်က အုပ်စုဗိုလ်နဲ့ နောက်တဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

sm