ကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲထွက် line-up နဲ့ ထိုက်တန်တဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ရီယို ဖာဒီနန်

 

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု E ရဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျက နောက်ဆုံး ပွဲစဉ်မှာ အိမ်ရှင် ချဲလ်ဆီး အသင်းဟာ ပထမ အကျော့ ခရိုအေးရှားမြေမှာ ရှုံးခဲ့တဲ့ ဒိုင်နမိုဇာဂရက် အသင်းကို နောက်ကနေ လိုက်ကစားကာ ၂ – ၁ ရလဒ်နဲ့ ပြန်ပြီး အနိုင်ရခဲ့ပါတယ် ။

အုပ်စု ဗိုလ်နေရာနဲ့ အတူ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီးသား ဖြစ်တဲ့ ချဲလ်ဆီး အသင်းဟာ အမှတ်မလိုပေမယ့် ဒီပွဲမှာ လူစုံတက်စုံ နီးပါး ပွဲထွက် အသုံးပြုခဲ့တာကို တွေ့ရပါတယ် ။ ဒီအထဲမှာ ပြီးခဲ့တဲ့ တလလုံး ဂိုးမိုးခေါင်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ဇာဂရက်ဖက်ကို ချေပဂိုး သွင်းနိုင်ခဲ့တဲ့ စတာလင် ဟာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ၊ ကမ္ဘာ့ဖလား မတိုင်မီ ယုံကြည်မှု အသင့်အတင့် ပြန်ရှာလိုက်နိုင်ခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က သူ့အတွက်တော့ စတာလင် ဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲထွက် line-up မှာ ပါဝင်ဖို့ အထိ ထိုက်တန်ကြောင်း အခုလိုပဲ ထောက်ခံ ပြောဆိုသွားခဲ့ပါတယ် ။

BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ဖာဒီနန် က ” စတာလင်ဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ရပါမယ် ။ ကမ္ဘာ့ဖလားမှာ သူ ဆင်နွှဲခွင့် ရဖို့ သင့်မသင့် ဆိုတဲ့ ငြင်းခုံမှုတွေကို မေ့လိုက်ပါ ။ ကျွန်တော့ အတွက်တော့ ဒီလောက်ထိကို ရိုးရှင်းပါတယ် ။ ”

” ဒီနေ့ ပွဲမှာ ဒီသွင်းဂိုးကို သူ လိုအပ်ခဲ့ပါတယ် ။ စတူဒီယိုထဲမှာ ရှိနေတုန်း ကျွန်တော်တို့ ၂ဦး သူ့ရဲ့ ဂိုးမိုးခေါင်နေမှု အကြောင်း ဆွေးနွေးခဲ့ကြပါသေးတယ် ။ သူ ဂိုးရဖို့ ဘယ်လောက်ထိ ဆန္ဒ ပြင်းပြနေသလဲ ဆိုတာ သူ့ရဲ့ အောင်ပွဲခံပုံကို ကြည့်ပြီး သိနိုင်မှာပါ ။ ဒီဂိုး ရသွားလို့ သူ အတော်လေး စိတ်သက်သာရာ ရသွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ကျွန်တော် ဒီနေ့ ပွဲမှာ သူ့အတွက် ဝမ်းမြောက်မိပါတယ် ။ ဘာလို့လဲဆိုတော့ တချို့လူတွေဆီကနေ သူ ကမ္ဘာ့ဖလားကို သွားခွင့် မရသင့်ဘူး ဆိုတဲ့ မှတ်ချက်မျိုး ကျွန်တော် ကြားထားရလို့ပါ ။ ဒါပေမယ့် ဒီကစားသမားဟာ ဘာပဲဖြစ်နေဖြစ်နေ ဂိုးသွင်းခွင့် ရနိုင်တဲ့ နေရာတွေဆီ ချိန်သားကိုက် ရောက်နေဆဲပါ ။ ”

” အရာရာက သူ ဖြစ်ချင်တဲ့ အတိုင်း မဖြစ်လာရင်တောင် ဆက်လက် ကြိုးစား အားထုတ်ဖို့ ရှက်ရွံ့မနေပါဘူး ။ ပွဲအပေါ် သက်ရောက်မှု ရှိစေမယ့် နေရာတိုင်းမှာ သူ အမြဲတမ်း ရောက်ရောက်နေတတ်ပါတယ် ။ သူ့ရဲ့ ဆုံးဖြတ်ချက် ပြတ်သားပုံ ၊ ဂိုးသွင်းလိုတဲ့ ဆန္ဒတွေကို ကျွန်တော် အထူး သဘောကျပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ်ကလည်း ဖာဒီနန်ရဲ့ အမြင်ကို ထောက်ခံတဲ့ အနေနဲ့ ” အချက်အလက်တွေကို ခင်ဗျား ရှာဖွေကြည့်မယ်ဆိုရင် သူဟာ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားပါ ။ နောက်ဆုံး ၇နှစ် အတွင်း အင်္ဂလန်နဲ့ မန်စီးတီး အသင်းတွေမှာ သူ စွမ်းဆောင်ပြခဲ့တဲ့ အရာတွေက သူ ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ သက်သေထူနေပါတယ် ။ ”

” လူပြိန်း စဉ်းစားနည်းနဲ့တောင် သူဟာ ကမ္ဘာ့ဖလားဆီ သွားကို သွားရမှာပါ ။ သူ့ရဲ့ အကြီးမားဆုံး အားသာချက်က တွေးခေါ်နိုင်စွမ်း ဖြစ်ပါတယ် ။ ကမ္ဘာ့ဖလားကို သူ မသွားရမှာ ခင်ဗျားတို့ သံသယ ဝင်နေစရာ မလိုပါဘူး ။ လူတွေ သူ ကမ္ဘာ့ဖလား မသွားသင့်ဘူးလို့ ပြောနေကြတာတွေက ဘယ်လိုမှ အခြေအမြစ် မရှိပါဘူး ။ ”

” တစုံတယောက်က သူ့လို ကစားပုံ စတိုင်လ်မျိုးနဲ့ လက်ရွေးစင် အဆင့်ထဲ ထိုးဖောက် ဝင်ရောက်လာရင်တောင် အင်္ဂလန် ဂျာစီ ဝတ်လိုက်တဲ့ အချိန် သူ ခေါင်းမော့ ရင်ကော့ပြီး ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR