ကမ္ဘာ့ဖလားပွဲစဉ်တွေကို လက်ခံ ကျင်းပသွားမယ့် ဘောလုံးကွင်းကြီးများ

ကာတာ ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ကို နိုင်ငံတဝှမ်းမှာ ရှိတဲ့ အားကစားကွင်းကြီး ၈ ကွင်းမှာ ဧည့်ခံ ကျင်းပ သွားမှာပါ ။ ပြိုင်ပွဲရဲ့ အမှတ်တံဆိပ် ၈ ဂဏန်း ဟာ ဒီ ကွင်း ၈ ကွင်းကိုလည်း ကိုယ်စားပြုထားပါတယ် ။

Al Bayt ( အယ်လ်ဘတ် စတေဒီယံ ) ၊

၂၀၂၁ ခုနှစ် နိုဝင်ဘာလကမှဖွင့်လှစ်ခဲ့တဲ့ ဒီကွင်းဟာ ကာတာ ရဲ့ အကြီးဆုံးကွင်းတွေထဲက တကွင်း ဖြစ်ပြီး ပရိသတ် ၆ သောင်းဝင်ဆံ့ပါတယ် ။ အထပ် ၃ ထပ်နဲ့ တည်ဆောက်ထားပြီး ကမ္ဘာ့ဖလား အပြီးမှာ အပေါ်ဆုံးထပ် ကို ပြန်ဖြုတ်ပြီး ပရိသတ် ၃ သောင်း ၂ ထောင် ဝင်ဆံ့တဲ့ ကွင်းအဖြစ် ပြောင်းလဲသွားမှာပါ ။ ဒီကွင်းမှာ ဖွင့်ပိတ်လုပ်လို့ရတဲ့ အမိုးပါဝင်ပါတယ် ။

ကာတာ လူမျိုးစုတွေ အသုံးပြုတဲ့ ရွက်ဖျင်တဲ ပုံစံကို ယူပြီး တည်ဆောက်ထားတဲ့ ဒီကွင်းကြီးထဲမှာ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား နဲ့ အဖွင့်ပွဲစဉ် အပါအဝင် အုပ်စုပွဲစဉ် အများအပြား ကို ကစားသွားမှာပါ ။ ဒါ့အပြင် ၁၆ သင်းဆင့် ၊ ကွာတား နဲ့ ဆီမီးဖိုင်နယ် တပွဲစီ ကိုလည်း ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ် ။

Al Thumama ( အယ်တူမာမာ စတေဒီယံ ) ကတော့ စက်ဝိုင်းပုံ သဏ္ဍာန်ရှိပြီး ပရိသတ် ၄ သောင်းဆံ့ ပါတယ် ။ Gahfiya ( ဂပ်ဖီယာ ) လို့ခေါ်တဲ့ ရိုးရာ ခေါင်းဆောင်း ကို inspire ယူပြီးတည်ဆောက်ထားတဲ့ ဒီကွင်းထဲမှာတော့ အုပ်စု ၅ ပွဲ ၊ ၁၆ သင်းဆင့် တပွဲ နဲ့ ကွာတားဖိုင်နယ် တပွဲ ကို ကစားသွားကြမှာပါ ။

Ras Abu Aboud ( ရက်စ် အဘူ အဘွတ် စတေဒီယံ ) Stadium 974 လို့လည်း ခေါ်ပါတယ် ။ ပြန်လည်အသုံးပြုလို့ရတဲ့ ကွန်တင်နာပေါင်း ၉၇၄ ခုနဲ့ ပြုလုပ်ထားတာကြောင့်ပါ ။ ဒီကွင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအသုံးပြုတဲ့ ယာယီ အားကစားကွင်း ဖြစ်လာမှာပါ ။

ဘာလို့လည်း ဆိုတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးရင် ပြန်ဖျက်ပြီး တခြားမှာ သွားဆောက်မှာမလို့ပါပဲ ။

၉၇၄ ဆိုတာ ကာတာ ရဲ့ International Calling code လည်းဖြစ် ပါတယ် ။ ပရိသတ် ၄ သောင်းဆံ့တဲ့ ဒီကွင်းမှာ အုပ်စု ၅ ပွဲနဲ့ ၁၆ သင်းဆင့် တပွဲ ကို ကစားသွားကြမှာပါ ။

ပရိသတ် ၄ သောင်းဆံ့ ဝင်ဆံ့ပြီး ရှေးဟောင်း တံငါမြို့လေးနားမှာ တည်ဆောက် ထားတဲ့ Al Janoub ( အယ်လ် ဂျနုဘ် စတေဒီယံ ) ဟာ ကာတာ နိုင်ငံရဲ့ ရိုးရာ ငါးဖမ်းလှေ ကို ပုံစံယူပြီး တည်ဆောက်ထား တာ ဖြစ်ပါတယ် ။ ကမ္ဘာ့ဖလား အပြီးမှာ အပေါ်ဆင့်ကို ဖြုတ်မှာ ဖြစ်တာကြောင့် ပရိသတ် ၂ သောင်းသာ ဝင်ဆံ့တော့မှာပါ ။

သဲကန္တာရထဲ မှာ စိန်ပွင့်တွေ အရောင်လက်ပြီး ရောင်ပြန်ဟပ်နေတယ်ဆိုတဲ့ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ Education City Stadium ကတော့ အုပ်စု ပွဲစဉ် ၅ ပွဲ ၊ ၁၆ သင်းဆင့် နဲ့ ကွာတားဖိုင်နယ် တပွဲစီကို ကျင်းပ ပေးသွားမှာပဲ ဖြစ်ပါတယ် ။

Ahmed Bin Ali ( အက်မက် ဘင် အလီ စတေဒီယံ )

၂၀၂၀ ခုနှစ် က ဖွင့်လှစ်ခဲ့တဲ့ ဒီ ကွင်းဟာ ကာတာ နာမည်ကြီး ကလပ် အယ် ရေယန် အသင်းရဲ့ ကွင်းသစ်လည်း ဖြစ်ပါတယ် ။

ပရိသတ် ၄ သောင်းဝင်ဆံ့ပြီး အုပ်စု ပွဲစဉ် ၅ ပွဲ နဲ့ ၁၆ သင်းဆင့် ပွဲစဉ် တပွဲကို လက်ခံ ကျင်းပပေးသွားမှာပါ ။

Khalifa Stadium ( ခါလီဖာ စတေဒီယံ ) ကတော့ ကာတာ ရဲ့ သက်တမ်း အရင့်ဆုံး ကွင်းကြီးတွေထဲက တကွင်းပါ ။ ၁၉၇၆ ခုနှစ် မှာ စတင် ဖွင့်လှစ်ခဲ့ပြီး လက်ရွေးစင် အသင်း ရဲ့ ပွဲတွေ အဓိက ကစားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ် ။ ပရိသတ် ၂ သောင်း ဝင်ဆံ့တဲ့ ကွင်းအဖြစ် ကနေ အဆင့်ဆင့် မြှင့်တင် လာခဲ့ပြီး အခု ကမ္ဘာ့ဖလား မှာတော့ ပရိသတ် ၄ သောင်း ဝင်ရောက် ကြည့်ရှု နိုင်မှာပဲ ဖြစ်ပါတယ် ။

Lusail ( လူးဆဲလ် စတေဒီယံ ) ကတော့ ဒီနှစ် ကမ္ဘာ့ဖလား ကွင်းတွေထဲမှာ အကြီးဆုံး ဖြစ်ပြီးတော့ ပရိသတ် ၈ သောင်း ဝင်ဆံ့ပါတယ် ။ နိုင်ငံအနှံ့ မြင်တွေ့ရတဲ့ ရိုးရာအိုးတွေ ရဲ့ ဒီဇိုင်း ကို ယူပြီး တည်ဆောက် ထားတဲ့ ဒီကွင်းကြီး ဟာ အုပ်စု ပွဲစဉ် ၆ ပွဲ ၊ ကွာတား ဆီမီး အပါအဝင် ရှုံးထွက် ပွဲစဉ်တွေကို လက်ခံ ကျင်းပသွားမှာပါ ။

ဒါ့အပြင် ကမ္ဘာ့ဖလား ချန်ပီယံ ကို ဖော်ထုတ်ပေးမယ့် နောက်ဆုံး ဗီုလ်လုပွဲကြီး ကျင်းပသွားမယ့် အားကစား ကွင်းကြီးလည်း ဖြစ်ပါတယ် ။

ကာတာ နိုင်ငံဟာ ဒီကွင်းတွေကို တည်ဆောက်ခဲ့တဲ့ အချိန်တုန်းက လူ့အခွင့်အရေးတွေ ၊ အလုပ်သမား အခွင့်အရေးများစွာကို ချိုးဖောက် ခဲ့တယ်လို့ ဝေဖန် ပြစ်တင်ခံခဲ့ရပါတယ် ။ ဒါပေမယ့် ဖီဖာ ကတော့ ဒါတွေကို လစ်လျူရှုခဲ့ပြီး ကမ္ဘာ့ဖလားကြီးကို ကာတာမြေပေါ်ဆီ အရောက်ပို့ဆောင်ပေးလိုက်ပြီပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR