ဝက်စ်ဟမ်းရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ပြီး ဘာကြောင့် ချဲလ်ဆီးနဲ့ ၆နှစ် စာချုပ်ချုပ်ခဲ့လဲ ဆိုတာ ရှင်းလင်းခဲ့တဲ့ ဘရိုဂျာ

 

ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် လူငယ် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ဆောက်သမ်တန် အသင်းသို့ တရာသီ အငှားထွက်ကာ ခြေစွမ်းပြခဲ့ပြီးနောက် ၊ ဒီရာသီ စီနီယာ အသင်းမှာ ပထမဆုံး အကြိမ် စတင် နေရာ ရလာပါတယ် ။

ဘရိုဂျာ ဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း လန်ဒန်မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်းရဲ့ အဓိက ပစ်မှတ် တိုက်စစ်မှူး ဖြစ်ခဲ့ပြီး ၊ ဘရိုဂျာ အတွက် ၄င်းတို့ရဲ့ ကနဦး ပေါင်သန်း ၂၀ နဲ့ ချဉ်းကပ်မှုကို ချဲလ်ဆီးဖက်က ငြင်းဆန်ပယ်ချခဲ့ပါတယ် ။

ထို့နောက် ဆုံးဖြတ်ချက် မပြတ်သားနေခဲ့တဲ့ ဘရိုဂျာကို နည်းပြဟောင်း သောမတ်စ် တူချယ် က အသင်းမှာ ဆက်ကစားဖို့ စည်းရုံးနိုင်ခဲ့သလို ၊ ဝက်စ်ဟမ်းကလည်း ၄င်းကို လက်လျှော့ကာ ဆက်ဆူအိုလို အသင်းကနေ အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဂျီယန်လူကာ စကမ်မက်ကာကို ပြောင်းလဲ ခေါ်ယူသွားခဲ့ပါတယ် ။

အဲဒီနောက် အပြောင်းအရွှေ့ စျေးကွက် အပြီး ချဲလ်ဆီး အသင်းဟာ ယင်းအယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူးကို ရေရှည် အတွက် မျှော်ကိုးကာ ၆နှစ် သက်တမ်းရှိ စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ခဲ့ပါတယ် ။ လောလောဆယ် အချိန်တော့ ဘရိုဂျာ ဟာ ချဲလ်ဆီး အတွက် ပွဲထွက်ခွင့် တကြိမ်သာ ရထားပါသေးတယ် ။

ယနေ့ညမှာတော့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ အဖြစ် ဒိုင်နမိုဇာဂရက် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားသွားဖို့ ရှိရာ ၊ ဘရိုဂျာ အပါအဝင် ကစားခွင့် အနည်းငယ်ပဲ ရထားတဲ့ အခြား အရန် အသင်းသား အများစု ယနေ့ညမှာ ပွဲထွက်ခွင့် ရဖို့ မျှော်လင့်ရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဘရိုဂျာ က ပြီးခဲ့တဲ့ နွေရာသီ အတွင်း ဝက်စ်ဟမ်းထံမှ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ဘာကြောင့် ချဲလ်ဆီး အသင်းမှာ ကစားရသလဲ ဆိုတာ ရှင်းလင်းရင်း ၊ ၆နှစ် စာချုပ် ချုပ်ခဲ့တာကို အလောင်းအစား သဘောထက် အခွင့်အရေး သဘော အဖြစ်သာ မှတ်ယူကြောင်း ဖွင့်ဟခဲ့ပါတယ် ။

ဘရိုဂျာ က ” မီဒီယာဆီကတော့ အမြဲတမ်း ဒီလိုမျိုး ကောလဟလတွေ ကြားနေရတာပါပဲ ။ ဒါကို ခင်ဗျားဟာ ကလပ်တိုင်း ၊ နေရာတိုင်းမှာ မြင်တွေ့နိုင်ပါတယ် ။ ကျွန်တော့ အတွက်တော့ အဲဒီအချိန်ဟာ ချဲလ်ဆီးနဲ့ အတူ ဘောလုံးရာသီသစ် စတင်ဖို့ ၊ မန်နေဂျာကို ကျွန်တော် ဘာလုပ်နိုင်လဲ ဆိုတာ ပြသဖို့ ၊ စီနီယာ အသင်းမှာ ကစားခွင့် ရဖို့ အသင့် ဖြစ်နေခဲ့တာပါ ။ ”

” ဒီတော့ အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျွန်တော် သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပါဘူး ။ ကိုယ့်ဖာသာကိုယ် ရာသီသစ် အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရင်း အလုပ်ရှုပ်နေတာမို့ အပြင်မှာ ဘယ်လို သတင်းတွေ ထွက်နေလဲ ဆိုတာ ကျွန်တော် သေချာတောင် မသိလိုက်ပါဘူး ။ ”

” စာချုပ်သစ် ကိစ္စကိုတော့ ကျွန်တော်က အခွင့်အရေး တရပ်လို့ပဲ မြင်ပါတယ် ။ ဒါဟာ ကျွန်တော့ရဲ့ ငယ်ဘဝ ကလပ်ပါ ။ ချဲလ်ဆီး အသင်းနဲ့ ပရိသတ်တွေ အတွက် ကစားရတာကို ကျွန်တော် နှစ်သက်ပါတယ် ။ အခွင့်အရေး ရတဲ့ အခါတိုင်း ကျွန်တော် အကောင်းဆုံး ကြိုးစား ပေးဆပ်သွားမှာ ဖြစ်သလို ၊ ပွဲထွက်ခွင့် အတွက်လည်း ဆက်လက် တိုက်ပွဲဝင်သွားမှာပါ ။ ”

” ပြီးခဲ့တဲ့ ရာသီက အနေအထားနဲ့ ယှဉ်လိုက်ရင် ဒါက ကြီးမားတဲ့ ခြေလှမ်း ဖြစ်ပါတယ် ။ ကစားသမား တယောက် အနေနဲ့ရော ၊ လူပုဂ္ဂိုလ် တယောက် အနေနဲ့ပါ ကျွန်တော် ရှေ့လျှောက် တိုးတက်လိုပါတယ် ။ ဒီထက် ပိုကောင်းလာဖို့က ကျွှန်တော့ရဲ့ ပန်းတိုင်ပါ ။ ကျွန်တော့ အတွက် ချဲလ်ဆီးထက် ပိုကောင်းမယ့် သင်ယူ လေ့လာစရာ မရှိတော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR