ပုံစံကောင်းရနေတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့် တဦးကို ချဲလ်ဆီးတို့ ခေါ်ယူဖို့ မကြိုးစားဘူး ဆိုရင် သူ အံ့သြမိမှာ ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ရီယိုဖာဒီနန်

 

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေ အနက် ဘရိုက်တန် – ချဲလ်ဆီး ပွဲရလဒ်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ် ။ ထိုပွဲမှာ ဘရိုက်တန် ကြယ်ပွင့် ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား လီအန်ဒရို ထရော့ဆာ့ဒ် ခြေစွမ်းပြ တဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

အသက် ၂၇နှစ် အရွယ်ရှိ ထရော့ဆာ့ဒ် ဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ်ရဲ့ in-form ကစားသမားလို့ သတ်မှတ်ရမှာ ဖြစ်ပြီး ၊ ၁၂ပွဲ ကစား ၊ ၇ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးထားရာ ၊ ထိုအထဲမှာ လီဗာပူးဖက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းက အထင်ကရ ဖြစ်ပါတယ် ။

ဒီခြေစွမ်း အတိုင်း လာမယ့် ကာတာ ကမ္ဘာ့ဖလားကို ဆက်လက် သယ်ဆောင်သွားနိုင်မယ်ဆိုရင် ၊ ထရော့ဆာ့ဒ် ဟာ ပရီးမီးယားလိဂ် သာမက ဥရောပ တလွှားမှ အင်အားကြီး ကလပ်တွေဆီက ချိတ်ဆက်မှုကို သေချာပေါက် ရလာမှာ ဖြစ်ပါတယ် ။

FIVE YouTube ချန်နယ်နဲ့ တွေ့ဆုံခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် က လက်ရှိ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာသာ သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ လီအန်ဒရို ထရော့ဆာ့ဒ်ကို ခေါ်ယူဖို့ မကြိုးစားဘူး ဆိုရင် သူ အံ့သြမိမှာ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဖာဒီနန် က ” တစုံတယောက်ရဲ့ ပြောပြချက်အရ ထရော့ဆာ့ဒ် ဟာ ဘရိုက်တန်ကို စရောက်တည်းကနေ အခုအချိန် အထိ ကမ်းလှမ်းမှု လုံးဝ မရထားဘူးလို့ သိရပါတယ် ။ ဒီကစားသမားဟာ လောလောဆယ်မှာ ဘရိုက်တန် အတွက် အရေးပါတဲ့ အခိုက်အတန့် အချို့ကို ဖန်တီးထားပေးပါတယ် ။ ”

” အကယ်၍ ပေါ်တာသာ သူ့ကို ခေါ်ဖို့ မကြိုးစားဘူးဆို ၊ ကျွန်တော်ဖြင့် အံ့အားသင့်မိမှာပါ ။ သူ့ရဲ့ အကောင်းဆုံးသော အရည်အသွေးက ဖန်တီးနိုင်စွမ်း ကြွယ်ဝခြင်း ဖြစ်ပါတယ် ။ နောက်ပိုင်းမှာ သူဟာ သွင်းဂိုးတွေပါ ထပ်ဖြည့်လာနိုင်ပါတယ် ။ ဒါက သူ့ရဲ့ အကောင်းဆုံး စွမ်းရည်တောင် မဟုတ်သေးပါဘူး ။ ”

” သူ့ရဲ့ အခွင့်အရေး ဖန်တီးနိုင်စွမ်းနဲ့ ပွဲအပေါ် ချဉ်းကပ်ပုံ က လုံးဝ မယုံနိုင်စရာပါ ။ အရင်က ကျွန်တော် သူ့ဆီကနေ မြင်ချင်ခဲ့တာက အဆုံးသတ် စွမ်းရည် ဖြစ်ပါတယ် ။ အခုတော့ သူက ဒါကိုပါ လုပ်ပြနေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် အက်စတွန်ဗီလာ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဘွန်လဟောကလည်း ထရော့ဆာ့ဒ် ဟာ အသင်းကြီးတွေမှာ ကစားနိုင်တဲ့ ခြေစွမ်းမျိုး ရှိနေပြီလို့ ထောက်ခံပေးခဲ့ပါသေးတယ် ။

အဘွန်လဟော က ” ထရော့ဆာ့ဒ်ဟာ ဒီရာသီ ခြေစွမ်း အထူး တိုးတက်လာပြီး ၊ ဂိုးတွေပါ ထပ်ပြီး ပေါင်းထည့်ထားနိုင်ပါတယ် ။ သူဟာ ပြိုင်ဖက်တိုင်းကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ် ။ ချဲလ်ဆီးနဲ့ ပွဲမှာ သူ သွင်းယူခဲ့တဲ့ ဂိုးဆိုရင် သူဟာ တည်တည်ငြိမ်ငြိမ် အာရုံစူးစိုက်မှု အပြည့်နဲ့ ဂိုးထောင့်ထဲကို သွင်းခဲ့တာ ဖြစ်ပါတယ် ။ ”

” လာမယ့် ကမ္ဘာ့ဖလားမှာ သူဟာ ဘယ်လ်ဂျီယမ် အတွက် ပွဲတိုင်း ပွဲထွက်ခွင့် ရနိုင်တဲ့ ကစားသမား တဦး ဖြစ်လာနိုင်ပါတယ် ။ ဒီခြေစွမ်းကြောင့် သူဟာ ဥရောပ တလွှားက အင်အားကြီး ကလပ်တွေကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပါလိမ့်မယ် ။ ”

” ချဲလ်ဆီး ၊ အာဆင်နယ် ၊ တော့တင်ဟမ် အသင်းတွေမှာ သူ ကောင်းကောင်းကြီး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီတော့ လက်ရှိ ကစားပုံအရဆိုရင် ဇန်နဝါရီမှာ သူ့အတွက် ငွေကြေး အမြောက်အမြား ပုံပေးနိုင်မယ့် ကမ်းလှမ်းမှုမျိုး ရောက်လာရင် ၊ ဘရိုက်တန်က သူ့ကို ထုတ်ရောင်းသွားနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR