ပိုမိုကောင်းမွန်တဲ့ တိုက်စစ်မှုးတစ်ဦး ဖြစ်လာစေရန် ဒါ၀င်နူးနက် ဘာလုပ်ဖို့လိုအပ်သလဲဆိုတာ အကြံပေးလိုက်တဲ့ အွန်နရီ

 

အာဆင်နယ် တိုက်စစ်မှုးဟောင်း ဖြစ်သူ သီယာရီအွန်နရီက ဒါ၀င်နူးနက်ဟာ လီဗာပူးမှာ လိုအပ်တာထက် ပိုပြီး လုပ်ပြနေတယ်လို့ ယုံကြည်နေပြီး ဥရုဂွေး လက်ရွေးစင် အနေနဲ့ ဘောလုံး ကစားရာမှာ ဒီထက်ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိအောင် လုပ်သွားရမယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူးရဲ့ ပေါင် ၈၅ သန်းတန် တိုက်စစ်မှုးဟာ မနေ့ညက ပုံစံကောင်းပြသနေတဲ့ နာပိုလီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံကနေ ထလာကာ ပွဲကို အဆုံးအဖြတ် ပေးခဲ့ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

 

ဒါ၀င်နူးနက်ဟာ လီဗာပူး အတွက် ၁၅ ပွဲ ကစားထားရာမှာ ၇ ဂိုးထိ သွင်းယူထားခဲ့ပြီး ဖြစ်ပေမယ့်လည်း တစ်ခါတစ်ရံ လွယ်လွယ်ကူကူ အဆုံးသတ်နိုင်တဲ့ အပိုင်အခွင့်အရေး တွေကို အသုံးမချနိုင်ခဲ့မှုတွေ အတွက်တော့ ဝေဖန်မှုတွေ ခံနေရပါတယ်။

ဒါပေမယ့် အွန်နရီက နူးနက်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည်နေပြီး ဥရုဂွေး စတား အနေနဲ့ ပွဲအပေါ် သက်ရောက်မှု ရှိစေရန် လိုတာထက် ပိုပြီး ကြိုးစားနေတာကိုတော့ အနည်းငယ် လျော့သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

အွန်နရီက “ပထမဦးဆုံး သူ့အတွက် ယုံကြည်မှုက လိုအပ်ပါတယ်။ ကျွန်တော် ပြောနေတဲ့ ယုံကြည်မှု ဆိုတာက ကိုယ်ဟာ ဒီကလပ်မှာ အပတ်တိုင်း ကစားခွင့် ရမယ်ဆိုတဲ့ feeling ဖြစ်ပါတယ်။ ဒါ့အပြင် ဒါ၀င်နူးနက် အနေနဲ့ ဂိုးရှေ့မှာ ဒီထက် ပိုပြီး သွေးအေးဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ပရိတ်သတ်တွေရဲ့ ကျေနပ်မှုကို တအား လိုချင်တာကြောင့် လိုတာထက် ပိုပြီး အားထုတ်လွန်းနေလို့ ဖြစ်ပါတယ်။

သူဟာ လီဗာပူး ပရိတ်သတ်တွေရဲ့ အားကိုးမှုကို ရယူချင်တာကြောင့် တစ်ခါတစ်ရံ သွေးအေးအေးနဲ့ လုပ်ရမယ့် အရာတွေကို အလောတကြီး လုပ်မိခဲ့ပါတယ်။ သူဟာ ဘောလုံး ရချိန်မှာ ဒါကို ထိန်းချုပ်ပြီး ညာခြေနဲ့ တိကျစွာ အဆုံးသတ်သွားဖို့ထက်စာရင် အလောတကြီး ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ ကျွန်တော်လည်း ဒီလိုမျိုး အခြေအနေကို ဖြတ်သန်းခဲ့ဖူးပါတယ်။

ကိုယ်ဟာ အသင်းကြီး တသင်းကို ငွေကြေးများစွာနဲ့ ရောက်လာခဲ့တဲ့ အခါ တစ်ခါတစ်ရံ overdo လုပ်မိတက်ပါတယ်။ မာနေးရဲ့ နေရာကို အစားထိုးသွားဖို့ ဆိုတာက လွယ်ကူတဲ့ အရာ မဟုတ်ပါဘူး။ ခေါင်းအေးအေး နဲ့ တည်ငြိမ်စွာ အဆုံးသတ်ရမယ့် အစား လိုတာထက်ပိုပြီး လုပ်မိတတ်ပါတယ်။

 

သူဟာ ဂိုးတစ်ဂိုး ရသွားပြီ ဆိုရင် နောက်ထပ် ဂိုးတွေ ဆက်တိုက် ရယူနိုင်မယ့် ကစားသမားမျိုး ဖြစ်ပါတယ်။ သူဟာ ရော်ဘီဖောင်လာလို အဆုံးသတ်သမားမျိုးတော့ မဟုတ်ပါဘူး။ တော်တော်များများလည်း သူ့လိုမျိုး မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ဒါ၀င်နူးနက် ဆီမှာ ဂိုးသွင်းစွမ်းရည်တွေက ရှိနေပါတယ်။

သူဟာ ဖောင်လာထက်တော့ ပြိုင်ဘက်တွေကို အန္တရာယ် ပိုပြီး ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံ သူဟာ အလက်ဆစ်ဆန်းချက် ဒါမှမဟုတ် ဆွာရက် ငယ်ငယ်တုန်းက လိုမျိုး အနည်းငယ် လောနေတက်ပါတယ်။

ဒါပေမယ့် အသင်းမှာ အထိုင်ကျလာပြီ ဆိုရင် ကိုယ်ကောင်းတဲ့ အရာတွေကို ပိုမို ကောင်းမွန်စွာ လုပ်လာနိ်ုင်ကာ စိတ်ခံစားမှုပိုင်းကိုလည်း ဒီထက် ပိုကောင်းအောင် ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူ ဒါမျိုး ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူ ဒါကို လုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SPORTS MYANMAR