ပရီးမီးယားလိဂ်သို့ မပြောင်းရွှေ့ခင် ချဲလ်ဆီး ဂန္တဝင် ၂ဦးထံမှ သတိပေး မက်ဆေ့ခ်ျ ရခဲ့ကြောင်း ပြန်ပြောင်း ပြောပြလာတဲ့ ကူလီဘာလီ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ဒုတိယမြောက် ကစားသမားသစ် အဖြစ် နာပိုလီ အသင်းကနေ ဆီနီဂေါ လက်ရွေးစင် ခံစစ်မှူး ကာလီဒူ ကူလီဘာလီကို ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်း ၊ ၄နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ် ။

ကူလီဘာလီ ဟာ ချဲလ်ဆီးသို့ မပြောင်းလာခင် ၊ နာပိုလီမှာ ၈နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ၊ ဥရောပရဲ့ ထိပ်တန်း ခံစစ်မှူး စာရင်းဝင် တဦး ဖြစ်လာပါတယ် ။ သို့ပေမယ့် လက်ရှိ အသက် ၃၁နှစ် အရွယ်မှာမှ မြန်နှုန်းမြင့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ကူလီဘာလီ အပေါ် သံသယဝင်မှုတွေ ရှိကြပါတယ် ။

လောလောဆယ် အချိန် အထိတော့ ကူလီဘာလီ ဟာ ပရီးမီးယားလိဂ်မှာ အထိုင်ကျတယ် ဆိုရုံပဲ ရှိသေးပြီး ၊ အကောင်းဆုံး ခြေစွမ်းမျိုးတော့ ပြသထားနိုင်ခြင်း မရှိသေးပါဘူး ။

Corriere della Sera နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကူလီဘာလီ က ချဲလ်ဆီးသို့ မပြောင်းလာခင် ကလပ် ဂန္တဝင် ၂ဦး ဖြစ်တဲ့ ဒရော့ဘာနဲ့ ဇိုလာတို့က ၄င်းထံ ကြိုတင် သတိပေးခဲ့ဖူးကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ကူလီဘာလီ က ” ဘောလုံး လောကရဲ့ အလှတရား ဆိုတာ ဒါပါပဲ ။ ကျွန်တော် ဒီကို ရောက်လာတုန်းက ကျွန်တော့ကို ရာနှုန်းပြည့် အလိုရှိခဲ့တဲ့ နည်းပြ လက်အောက်မှာပါ ။ အခုတော့ သူ ထွက်သွားပါပြီ ။ ဒါပေမယ့် သောမတ်စ် တူချယ်ရော ၊ ဂရေဟမ် ပေါ်တာပါ ၃ယောက်တန်း ခံစစ် ကစားကွက် သုံးကြပါတယ် ။ ”

” နာပိုလီမှာတုန်းက ကျွန်တော်ဟာ ၄ယောက်တန်း ခံစစ်နဲ့ပဲ ကျင့်သားရှိခဲ့ပါတယ် ။ ဒါက ကျွန်တော် လေးမှာ နောက်ထပ် တပ်လိုက်တဲ့ မြားတစင်း ဖြစ်ပါတယ် ။ ခင်ဗျားဟာ ဘယ်တော့မှ သင်ယူလေ့လာမှုကို ရပ်တန့်လိုက်လို့ မရပါဘူး ။ ဒီကို ပြောင်းလာရင် ခက်ခဲတဲ့ အချိန် ကာလ တရပ်ကို ကျော်ဖြတ်ရလိမ့်မယ် ဆိုတာ ကျွန်တော် သိထားပါတယ် ။ ”

” အခုလည်း မျှော်မှန်းထားတဲ့ အတိုင်း ဖြစ်နေပါတယ် ။ ဒါတောင် ဒီဒီယာ ဒရော့ဘာနဲ့ ဂျီယန်ဖရန်ကို ဇိုလာတို့က ကျွန်တော့ကို ကြိုပြီး သတိပေးခဲ့ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ကူလီဘာလီ စွန့်ခွာခဲ့တဲ့ နာပိုလီ အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားကို ရှုံးပွဲ မရှိသေးပဲ ဦးဆောင်ထားကာ ၊ ချန်ပီယံလိဂ် အုပ်စု A ရဲ့ ဗိုလ်နေရာကို ရယူကာ ၊ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပါတယ် ။ ကူလီဘာလီကတော့ နာပိုလီမှာ ကစားခဲ့ရတာကို ဂုဏ်ယူပေမယ့် ၊ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်း အတွက် နောင်တမရဘူးလို့ တုန့်ပြန်ခဲ့ပါတယ် ။

ူကူလီဘာလီ က ” ကျွန်တော် ကိုယ့်ရဲ့ ကံကြမ္မာ အပေါ် ယုံကြည်ပါတယ် ။ နာပိုလီက ကျွန်တော့ရဲ့ အချိန် ကာလက ပြီးဆုံးခဲ့ပါပြီ ။ စိတ်ပိုင်းဆိုင်ရာ အရ ကြည့်ရင်တော့ ပြောင်းလဲမှု က နည်းနည်းပဲ ရှိပါတယ် ။ နာပိုလီမှာ ရရှိခဲ့တဲ့ နိုင်ပွဲတိုင်း ၊ သွင်းဂိုးတိုင်းကို အခုအချိန် အထိ ခံစားမိနေဆဲပါ ။ ”

” ဒီနေပယ်လ်က ကျွန်တော့ရဲ့ နေပယ်လ် ဖြစ်နေမှာပါ ။ ဒီအသင်းရဲ့ တိုးတက်မှု ဖြစ်စဉ် အတွက် တစိတ်တပိုင်း ပါဝင်ခွင့် ရလို့ ကျွန်တော် ပျော်ရွှင် ကျေနပ်ရပါတယ် ။ ချဲလ်ဆီး အဝတ်လဲခန်းမှာ ကျွန်တော် ဘာတွေ ပြောလေ့ရှိလဲလို့ ခင်ဗျားတို့ ထင်သလဲ ? ကျွန်တော့ အသင်းဖော်ဟောင်းတွေနဲ့ ရခဲ့တဲ့ နိုင်ပွဲတွေ အကြောင်းပါ ။ ”

” ဘာကြောင့်လို့ ခင်ဗျားတို့ ထင်သလဲ ? ကျွန်တော် ဒါကို ဂုဏ်ယူလို့ပါ ။ အိုဆီမန် ၊ အမ်ဂွီဆာတို့နဲ့လည်း မကြာခဏ ဖုန်းပြောဖြစ်ပါတယ် ။ ကျွန်တော် အရင်က လုံးဝ မရင်းနှီးခဲ့ဖူးတဲ့ ခါဗာရာနဲ့လည်း မက်ဆေ့ခ်ျတွေ အပြန်အလှန် ပို့ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR