နာပိုလီရဲ့ ၂၁ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ရိုက်ချိုးခဲ့တဲ့..လီဗာပူး ၂-၀ နာပိုလီ ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာ ၆ ချက်

လီဗာပူးဟာ မနေ့ညက နာပိုလီကို မိုဆာလား ဒါ၀င်နူးနက် တို့ရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ယူကာ ချန်ပီယံလိဂ် အုပ်စုအေကို အနိုင်ရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

လီဗာပူးဟာ ဥရောပမှာ အကောင်းဆုံး ပုံစံ ပြသနေတဲ့ အသင်းကို ၂-၀ နဲ့ နိုင်ခဲ့ပေမယ့် အုပ်စုဗိုလ် ဖြစ်ရန် လုံလောက်မှုတော့ မရှိခဲ့ဘဲ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

Welcome back ကိုနာတေး

ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကိုနာတေး အတွက် ဒါဟာ ဒီရာသီ ဒုတိယမြောက် ပွဲထွက်ခွင့် ဖြစ်ကာ ပြင်သစ် ဗဟိုနောက်ခံလူဟာ ကာလရှည် ပွဲမကစားထားခဲ့ရတာကြောင့် ပွဲအစပိုင်းမှာ ဘောလုံးပေးပို့မှုပိုင်းတွေ လွဲချော်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ဖြည်းဖြည်းနဲ့ ပွဲရှိန်ရလာခဲ့ပြီး front-foot ၊ မာကျောမှု ၊ ဘောလုံးနဲ့ အတူ ဆွဲတက်ကာ တိုက်စစ်ကို ပံ့ပိုးမှုတွေ လုပ်လာနိုင်ခဲ့ပါတယ်။ ကိုနာတေးဟာ အကောင်းဆုံး ပုံစံရနေတဲ့ အော်စီမန် ဦးဆောင်တဲ့ နာပိုလီ တိုက်စစ်ပိုင်းကို ကောင်းစွာ ဟန့်တားနိုင်ခဲ့ပြီး မိနစ် ၉၀ အတွင်း ဘောလုံးယှဉ်လုမှု ၅ ကြိမ် အသာရခဲ့သလို ဘောလုံးပြန်လည် ရယူမှု ၆ ကြိမ် ၊ တိကျတဲ့ ပေးပို့မှု အကြိမ် ၄၀ လုပ်ကာ ခြေစွမ်းပြခဲ့ပြီး ပြီးခဲ့တဲ့ အပတ်တွေက လီဗာပူးရဲ့ ခံစစ် ဘာတွေ လိုအပ်ခဲ့သလဲဆိုတာ ပြသခဲ့ပါတယ်။

ကလော့အတွက် ပွဲ ၄၀၀ မြောက်

နာပိုလီနဲ့ပွဲစဉ်ဟာ ကလော့အတွက် စပယ်ရှယ် မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဂျာမန်နည်းပြ လီဗာပူးကို ကိုင်တွယ်တဲ့ ပွဲ ၄၀၀ မြောက်ဖြစ်ပြီး ၂၄၉ ပွဲမြောက် နိုင်ပွဲကို ရယူကာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ လီဗာပူးနည်းပြဘ၀ အတွင်း ကလော့ဟာ အဓိက ဆုဖလား ၆ လုံးကို ရယူပေးနိုင်ခဲ့ပြီး ဖြစ်ကာ တွန်၀က်ဆန် ဘေလ်ရှန်ကလေ ဘော့ပစ်စလေ တို့နောက်ပိုင်း ပွဲ ၄၀၀ မြောက်ခဲ့တဲ့ လီဗာပူး မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ နာပိုလီကို အနိုင်ရခဲ့တာ ကတော့ ကလော့ အတွက် အသင်းသားတွေရဲ့ လက်ဆောင်ကောင်း ဖြစ်မှာပါ။

လှုပ်မရခဲ့တဲ့ အော်စီမန် နဲ့ class ကို ပြသခဲ့တဲ့ ဂျော်ဂျီယာမက်ဆီ

ဒီရာသီ နာပိုလီရဲ့ စီးရီးအေပွဲစဉ်တွေကို စောင့်ကြည့်လာခဲ့သူ ဆိုရင်တော့ ကာဗာရက်စကယ်လီးယားဟာ ဘယ်လို ကစားသမားလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီ ၎င်းရဲ့ ကစားပုံကို မကြည့်ဖူးတဲ့ သူတွေကတော့ အန်ဖီးမှာ ဂျော်ဂျီယာစတားရဲ့ ဘောလုံးအရည်အသွေးကို ကြည့်ကာ အနည်းငယ် ရိပ်မိသွားနိုင်ပါတယ်။ ကာဗာရက်စကယ်လီးယားဟာ ပွဲအစပိုင်းတွေမှာ လီဗာပူး ခံစစ်ကို ဒုက္ခပေးကစားသွားခဲ့ပြီး ထရန့် မီနာ နဲ့ ကိုနာတေး တို့ကို ၎င်းရဲ့ မြင့်မားတဲ့ skill တွေနဲ့ occupy လုပ်နိုင်ခဲ့ပါတယ်။ ဂျော်ဂျီယာ စတား အနေနဲ့ ဒီရာသီ နာပိုလီ အတွက် ယခုလို ပုံစံအတိုင်း ဆက်လက် အကျိုးပြုနေအုံးမယ် ဆိုရင် နေပယ်မှာ ကြာကြာနေရဖို့ မရှိဘဲ ဥရောပရဲ့ ထိပ်တန်းကလပ် တစ်ခုကို ရောက်သွားနိုင်ပါတယ်။

ဒီပွဲစဉ်မတိ်ုင်မီ စီးရီးအေ နဲ့ ဥရောပမှာ ဂိုးသွင်းကြမ်းနေတဲ့ အော်စီမန်ဟာ လီဗာပူး ခံစစ်ကို ဖြိုခွဲပစ်လိမ့်မယ်ဆိုပြီး အီတလီမီဒီယာတွေက ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ထင်မြင်ချက်က လွဲခဲ့ပြီး အော်စီမန်ဟာ ကိုနာတေး နဲ့ ဗန်ဒိုက် တို့ ဦးဆောင်တဲ့ လီဗာပူး ခံစစ်ကို ကျော်ဖြတ်ရန် ရုန်းကန်ခဲ့ရပြီး ဂိုးကန်သွင်းခွင့်တောင် မရခဲ့ပါဘူး။ ဗန်ဒိုက်နဲ့ တစ်ဦးချင် ယှဉ်လုမှုတွေ လုပ်ခဲ့ပေမယ့် ဘောလုံး မရခဲ့တဲ့ အပြင် နယ်သာလန် နောက်ခံလူရဲ့ ခပ်ပါးပါး ပညာပေးမှုတွေပါ ခံခဲ့ပါတယ်။

အပြစ်အနာအဆာ မရှိတဲ့ အိမ်ကွင်းမှတ်တမ်း

နာပိုလီကို အနိုင်ရခဲ့ပြီးနောက် လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အိမ်ကွင်း ပွဲစဉ် ၃ ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ အုပ်စုအဆင့်မှာ နာပိုလီ အိုင်ယက် နဲ့ ရိန်းဂျား တို့ကို အန်ဖီးမှာ အနိုင်ယူခဲ့ကာ ဒါဟာ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ၂ ရာသီဆက် အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ အုပ်စုအဆင့်မှာ အက်သလက်တီကို ပေါ်တို အေစီမီလန် တို့ကို အိမ်ကွင်းမှာကော အဝေးကွင်းမှာပါ အနိုင်ရရှိခဲ့ပါတယ်။

ကစားကွက် အပြောင်းအလဲ

ကလော့ဟာ ဒီပွဲစဉ်မှာတော့ သူ့ရဲ့ normal ကစားကွက် ဖြစ်တဲ့ ၄-၃-၃ ကို ပြန်လည် အသုံးပြုခဲ့ပြီး ဒါဟာ နောက်ဆုံး ၄ ပွဲမှာ ကစားကွက် ၃ မျိုးနဲ့ ကစားမှုပဲ ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်း ပြသနာတွေကတော့ ရှိနေဆဲ ဖြစ်ပြီး နာပိုလီ အနေနဲ့ လီဗာပူး full back တွေကို isolate ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကော့စတပ် အတွက် ပိုလီတာနိုကို ထိန်းရတာ ပြသနာ မရှိခဲ့ပေမယ့် ထရန့်ကတော့ ဥရောပရဲ့ အကောင်းဆုံး ပုံစံ ရနေတဲ့ ကာဗာရက်စကယ်လီးယား ကို ထိန်းချုပ်ဖို့ အတွက် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကိုနာတေး နဲ့ ဗန်ဒိုက် တို့ ပုံစံကောင်း ရနေတဲ့ အပြင် ဖာဘင်ညို ကလည်း back line ကို ကောင်းစွာ ကာကွယ်ပေးနိုင်ခဲ့တာကြောင့် သိပ်ပြီး ပြသနာ မကြီးမားခဲ့ပါဘူး။ ဒါပေမယ့် ကွင်းလယ်ပိုင်း ကတော့ ဒီထက် တိုးတက်ဖို့ လိုအပ်ပါသေးတယ်။

VAR ရဲ့ ဖေးမမှု

ဒုတိယပိုင်းမှာ လီဗာပူးတို့ set-piece ကနေ ပြိုင်ဘက်ကို အဖွင့်ဂိုးပေးလိုက်ရပြီလို့ ထင်မှတ်ခဲ့ပေမယ့်လည်း နောက်ခံလူ အိုစတီဂတ်ဟာ ခေါင်းတိုက်ရာမှာ အနည်းငယ်လေး လူကျွံနေခဲ့ပြီး ဒီအဖြစ်အပျက်ကို VAR က ၃ မိနစ်ကျော် ကြာအောင် Check လုပ်ခဲ့ရပါတယ်။

တစ်ခြားတစ်ဖက်မှာလည်း ဒါ၀င်နူးနက်ရဲ့ ၉၇ မိနစ်မှာ သွင်းယူခဲ့တဲ့ အပိတ်ဂိုးဟာ ကနဦးမှာ လူကျွံနေတယ်လို့ ထင်မှတ်ခဲ့ရပေမယ့်လည်း ဗန်ဒိုက် ထောင့်ကန်ဘောကို ခေါင်းတိုက်ချိန်မှာ နူးနက်ကို ဇီလင်းစကီးက onside ဖြစ်အောင် လုပ်ထားတာကို VAR က မြင်တွေ့ခဲ့တာကြောင့် လီဗာပူးတို့ ဂိုးရခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာ VAR က လီဗာပူးဘက်မှာ ရှိနေခဲ့ပါတယ်။

SM