ကမ္ဘာ့ဖလား စတင်ဖို့ နီးကပ်လာချိန် ခြေစွမ်း ဆိုးဆိုးရွားရွား ကျဆင်းနေတဲ့ လက်ရွေးစင် အဆင့် ချဲလ်ဆီး ကြယ်ပွင့် တဦး အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

 

လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက် ခြေစွမ်း တိုးတက်လာတဲ့ ချဲလ်ဆီး ကြယ်ပွင့် အချို့ ရှိသလို ၊ ခြေစွမ်း ကျဆင်းသွားတဲ့ ကြယ်ပွင့် အနည်းငယ်လည်း ရှိနေပါတယ် ။ ထိုအထဲမှာ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၇နှစ် အရွယ်ရှိ စတာလင် ဟာ ဂရေဟမ် ပေါ်တာရဲ့ ချဲလ်ဆီး နည်းပြ ဘဝ အဖွင့်ပွဲမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ၊ ပြိုင်ပွဲစုံ ၈ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးလျက် ရှိပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲဆက် ၄င်းကို wing-back နေရာမှာ အသုံးပြုခဲ့တဲ့ ဂရေဟမ် ပေါ်တာကြောင့် ယင်းအင်္ဂလန်သားရဲ့ စွမ်းဆောင်ရည် ထိုးကျလာပါတယ် ။

ကာတာ ကမ္ဘာ့ဖလား စတင်ဖို့ ရက် ၂၀ သာသာပဲ လိုတော့တဲ့ အချိန် စတာလင်ရဲ့ လတ်တလော ခြေစွမ်းက အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် အတွက်တော့ စိုးရိမ်စရာ ဖြစ်နေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပေါ်တာ က အောက်တိုဘာ တလလုံး ဂိုးပေါက် ပျောက်ခဲ့တဲ့ စတာလင် အပေါ် အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” အရိုးသားဆုံး ဝန်ခံရရင်တော့ ကမ္ဘာ့ဖလား အကြောင်းနဲ့ ဆက်စပ်ပြီး ရာဟင်း ပုံစံကောင်း ပျောက်နေတာကို ကျွန်တော် တခါမှ မစဉ်းစားဖူးပါဘူး ။ ကစားသမားတိုင်းဟာ ဘောလုံးရာသီ တခုမှ ခြေစွမ်း ငုပ်လျှိုးမှု အခိုက်အတန့် တကွေ့ကွေ့နဲ့ မလိုချင်သည့်တိုင် ကြုံရတတ်ပါတယ် ။ ”

” အရင်က ကျွန်တော် ပြောခဲ့ဖူးတာ တခု ရှိပါတယ် ။ ကစားသမား တဦးတယောက်ချင်းကို စစ်ထုတ်ပြီး လက်ညှိုးထိုး အပြစ်တင်ဖို့က လွယ်လွန်းပါတယ် ။ အရင်ဆုံး ခင်ဗျားဟာ အသင်းကို အရင်ကြည့်ပြီးမှ အသင်းက ဘယ်လို လည်ပတ်နေလဲ ၊ ကစားသမား တဦးတယောက်ချင်းစီရဲ့ ခြေစွမ်း အပေါ် ဘယ်လို အထောက်အကူ ပေးနေလဲ ဆိုတာ အကဲဖြတ်ရပါမယ် ။ ”

” ဒါကို ကျွန်တော်တို့ လုပ်နိုင်ဖို့ ကြိုးစားနေတာပါ ။ ခင်ဗျား အနေနဲ့ အသင်း တိုးတက်အောင် အရင် ကူညီရမှာ ဖြစ်ပြီး ၊ နောက်မှ တဦးချင်း ခြေစွမ်း အပေါ် အာရုံစိုက်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာ ၄ – ၁ နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့တာကြောင့် ၊ ဂရေဟမ် ပေါ်တာ လက်ထက် ရှုံးပွဲမရှိ မှတ်တမ်း ရပ်တန့်ခဲ့ရပါတယ် ။ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးက ဂရေဟမ် ပေါ်တာထံ နည်းပြ ရာထူးနဲ့ ပတ်သက်ပြီး ဖိအားဝင်နေပြီလား ဆိုတဲ့ အမေး မေးခဲ့ရာ ၊ ၄င်းက အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

ပေါ်တာ က ” ဖိအား ? ခင်ဗျား ဆိုလိုတာက စနေနေ့က ရှုံးပွဲ တပွဲ အပြီးမှာလား ? ကျွန်တော် ထိုင်နေတဲ့ နေရာက ခင်ဗျားတို့ မေးတဲ့ မေးခွန်းတွေကို ဂရုတစိုက်နဲ့ နားထောင်ဖို့ လိုပါတယ် ။ လူတွေက သူတို့ ထင်သလို ပြောချင်ရာ ပြောနိုင်ပါတယ် ။ ဒါက ဘဝရဲ့ တစိတ်တပိုင်းပါပဲ ။ ”

” ဒီလို ကလပ်မျိုးမှာ ခင်ဗျားဟာ မိနစ် ၉၀ တပွဲစာလောက် အခြေအနေ မကောင်းတာနဲ့ ကပ်ဆိုက်နေပြီလို့ လူတွေက ပြောကြပါမယ် ။ ဒီတော့ ကိုယ့်ရဲ့ ထင်မြင်ချက် ရှုထောင့်တွေကနေ အရာရာ အစီအစဉ် တကျ ဖြစ်အောင် ပြန်ပြီး ကိုင်တွယ်ရပါမယ် ။ ”

” ခင်ဗျားဟာ ကိုယ်ဘယ်ရောက်နေလဲ ၊ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် နားလည်အောင် လုပ်ရပါမယ် ။ အပြင်မှာ လူတွေ ဘယ်လောက်ပြောပြော ဒါက သူတို့ရဲ့ အထင်အမြင်တွေသာ ဖြစ်ပါတယ် ။ ခင်ဗျားတို့ မကြိုက်တဲ့လူတွေက အမြဲ ရှိနေမှာပါ ။ ”

” အခြေအနေကို မတူညီတဲ့ အမြင်တွေနဲ့ ဝေဖန် သုံးသပ်နေတဲ့သူတွေလည်း အများကြီး ရှိပါတယ် ။ ဒါတွေကို ခင်ဗျား ထိန်းချုပ်လို့ မရပါဘူး ။ ကျွန်တော် အာရုံစိုက်နိုင်တဲ့ အရာတွေက ကျွန်တော့ရဲ့ အတွေးအခေါ်သာ ဖြစ်ပြီး ၊ အပြင်က ဝေဖန်သံတွေကို ကိုယ့်အတွေးဆီ ရောက်မလာအောင် တုန့်ပြန်ဖို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR