Champions league အုပ်စုနောက်ဆုံးပိတ် ပွဲစဉ်တွေအတွက် သုံးသပ်ခန့်မှန်းချက်များ

 

ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး အုပ်စုပွဲစဉ်တွေဆီ ရောက်ရှိ လာခဲ့ပါပြီ ။
ပွဲစဉ် ၅ ပြီးသွားချိန်မှာ အသင်း ၁၂ သင်း နောက်တဆင့် တက်ထားပြီး ဖြစ်တာကြောင့် ဒီတပတ် မှာတော့ လက်ကျန် ၄ နေရာအတွက် ရင်ခုန်စိတ်လှုပ်ရှား ကြရတော့မှာပါ ။

ဒါတင်မကပါဘူး ၊ ဘယ်အသင်းတွေ အုပ်စုဗိုလ် ဖြစ်မယ် ၊ ဘယ်အသင်းတွေ ယူရိုပါလိဂ် ဆင်းရမလဲဆိုတာကိုလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာပါ ။

အုပ်စု နောက်ဆုံးပွဲစဉ်တွေ အကြောင်းမပြောခင်မှာ ချန်ပီယံလိဂ် မှာ အမှတ်တူနေရင် ဘယ်လိုမျိုး ဆုံးဖြတ်တာလဲဆိုတာကို အရင်ဦးဆုံး ပြောပြချင်ပါတယ် ။

ချန်ပီယံလိဂ် မှာ အသင်း ၂ သင်း အမှတ်တူနေခဲ့မယ်ဆိုရင် ပထမဆုံး သူတို့ ထိပ်တိုက် ကစားတဲ့ ရလဒ် ( Head to Head ) ကို အရင်ပြန်ကြည့်ပါတယ် ။ H to H မှာ တူညီနေတယ်ဆိုရင် ဂိုးကွာခြားချက် ကို ကြည့်ပါတယ် ။ အဲ့ဒိအထိ တူနေသေးရင် သူတို့ ၂ သင်းထဲမှာ ဂိုးပို သွင်းတဲ့ အသင်းကို အသာပေးလိုက် ပါတယ် ။

ဒါတွေပါ တူနေဦးမယ် ( ဥပမာ နှစ်ကျော့စလုံး ဝ-၀ ၊ ၁-၁ ဖြစ်တာမျိုးတွေ ဆိုရင် ပထမ ၃ ချက်စလုံးပြီးတဲ့ အထိ သရေကျနေဦးမှာပါ ) အဲ့ဒိလိုဆိုရင်တော့ အုပ်စု တခုလုံးစာတွေကို ပြန်ကြည့်သွားမှာ ဖြစ်ပါတယ် ။

အရင်ဆုံး အုပ်စုတွင်းက ဂိုးကွာခြားချက် ၊ အုပ်စု ၆ ပွဲက သွင်းဂိုး ၊ အဝေးဂိုး အရေအတွက် ၊ နိုင်ပွဲ အရေ အတွက် ၊ အဝေးကွင်းနိုင်ပွဲ စတာတွေကို အစဉ်လိုက် ဆက်ကြည့်သွားမှာပါ ။

အဲ့တာတွေ အားလုံး တူညီနေမယ် ဆိုရင်တော့ စည်းကမ်းပိုင်း ဆိုင်ရာ အမှတ်တွေ ကို ပြန်တိုက်ကြည့်ပြီး ဆုံးဖြတ် သွားမှာပါ ။ အသင်းတသင်းဟာ အဝါကတ် တကတ်ထိ ခဲ့ရင် အနှုတ် ၁ မှတ် ၊ အနီကတ် ထိခဲ့ရင် အနှုတ် ၃ မှတ်ဆိုပြီး သတ်မှတ်ထားပါတယ် ။ အမှတ်အများဆုံး အနှုတ်ခံရတဲ့ အသင်းက ဒုတိယ နေရာကို ရောက်သွားမှာပါ ။

ဒါတွေ အားလုံးပြီးလို့မှ ဆုံးဖြတ်မရသေးဘူးဆိုရင်တော့ နောက်ဆုံးအဆင့် အနေနဲ့ UEFA ရဲ့ ကလပ် အဆင့် သတ်မှတ် ချက် နဲ့ ဆုံးဖြတ်သွားမှာပါ ။ အဲ့ဒိအဆင့်မှာတော့ တူညီနေတယ်ဆိုတာ မရှိနိုင်တော့ပါဘူး ။ ဒါပေမယ့် ခုထိတော့ ဘယ်အသင်းကိုမှ ဒီလိုမျိုး အဆင့်ထိ မဆုံးဖြတ်ရဖူးသေးပါဘူး ။

 

အခု အုပ်စုတွေဘက်ကို ပြန်သွားလိုက်ကြရအောင် ။

 

အုပ်စု အေ မှာ နာပိုလီ က ၁၅ မှတ် ၊ လီဗာပူး က ၁၂ မှတ် နဲ့ ၂ သင်းလုံး ရှုံးထွက် အဆင့် တက်ထားကြပြီး ပါပြီ ။ ဒီတပတ် မှာ သူတို့ ၂ သင်း အန်ဖီးလ် မှာ ကစားကြရမှာပါ ။ လီဗာပူး နိုင်ရင် အမှတ်တူသွားမှာ ဆိုပေမယ့် နာပိုလီ က ပထမ အကျော့တုန်းက လီဗာပူး ကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ထားခဲ့ပါတယ် ။ လက်ရှိ ခြေစွမ်းတွေ အရ လီဗာပူး နာပိုလီ ကို နိုင်ခဲ့ရင်တောင် ၃ ဂိုးပြတ်ဖို့ မသေချာပါဘူး ။ ၂ သင်းစလုံး ပြည်တွင်းလိဂ် ကို ပို အာရုံစိုက်ဖို့ အတွက် အခုပွဲ ကို သိပ်အားမစိုက်ဘဲ ကစားသွားနိုင်ပါတယ် ။ သရေဆိုတာ မျှတတဲ့ အဖြေပါပဲ ။

နောက်တပွဲကတော့ ရိန်းဂျားစ် နဲ့ အိုင်ယက်စ် တို့ပွဲပါ ။ ဒီပွဲလည်း လီဗာပူး ပွဲလိုပါပဲ ။ အိုင်ယက်စ် က ၃ မှတ် သာထားပြီး ပထမ အကျော့တုန်းကလည်း ရိန်းဂျားစ် ကို ၄-၀ နဲ့ အပြတ်အသတ် အနိုင်ယူထားပါတယ် ။ စကော့တလန်မြေပေါ်မှာ ရိန်းဂျားစ် ၅ ဂိုး ပြတ်အောင် သွင်းနိုင်မှ ယူရိုပါလိဂ် ဝင်ခွင့်ရမှာပါ ။ ဒီလို အံ့ဖွယ်မျိုးကို ရိန်းဂျားစ် စွမ်းဆောင်ပြနိုင်မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။

အုပ်စု ဘီ က စိတ်ဝင်စားဖို့ ကောင်းနေပါသေးတယ် ။ ကလပ် ဘရုဂျက် နောက်တဆင့် တက်ထားပြီးပြီ ဆိုပေမယ့် အုပ်စု ပထမ နေရာ စိတ်မချရသေးပါဘူး ။ ဒီတပတ်မှာ ဘရုဂျက် က လေဗာကူဆင် ကွင်းကို သွားကစားရပြီး ပေါ်တို က အက်သလက်တီကို မက်ဒရစ် ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ ။

ပေါ်တို နဲ့ ဘရုဂျက် ဘယ်အသင်း ပထမရမလဲဆိုတာထက် အက်သလက်တီကို မက်ဒရစ် နဲ့ လေဗာကူဆင် ဘယ်သူ ယူရိုပါလိဂ် ဝင်မလဲဆိုတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

အေတီကို မက်ဒရစ် က ၅ မှတ် ၊ လေဗာကူဆင် က ၄ မှတ်နဲ့ပါ ။ Head to Head မှာ လေဗာကူဆင် အသာရထား ပါတယ် ။ ဒါကြောင့် အက်သလက်တီကို မက်ဒရစ် အနေနဲ့ ပေါ်တို ကို အနိုင် မကစားနိုင်ခဲ့ဘူး ဆိုရင် လေဗာကူဆင် ဘရုဂျက် ကို ရှုံးသွားဖို့ ဆုတောင်းရမှာပါ ။ ဘာလို့လည်း ဆိုတော့ အမှတ်တူသွားခဲ့ရင် သူတို့ ယူရိုပါလိဂ်တောင် ဝင်ခွင့်ရတော့မှာ မဟုတ်လို့ ပါပဲ ။

အုပ်စု စီ က လုံး၀ အသက်မဲ့သွားပါပြီ ။ ဘိုင်ယန် ပထမ ၊ အင်တာ ဒုတိယ ၊ ဘာစီလိုနာ တတိယ နဲ့ ဗစ်တိုးရီးယား ပလာဇန် က အုပ်စု အောက်ဆုံးနေရာကို ပွဲစဉ် ၅ အပြီးမှာ အသီးသီး ရယူသိမ်းပိုက် သွားပြီးခဲ့ ပါပြီ ။ ဒီပွဲစဉ် က သူတို့ အုပ်စုအတွက် လေ့ကျင့်ခန်း ဆင်းတာထက် မပိုတော့ပါဘူး ။

 

စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်မယ့် အုပ်စု ဒီ အကြောင်းကို နောက်ဆုံးမှ ပြောကြာရအောင် ။ အခု သူတို့ကို ခဏ ကျော်သွားလိုက်ပါဦးမယ် ။

အုပ်စု အီး မှာ အဆင့် ၂ က အေစီမီလန်၊ ၁ မှတ်အကွာ နဲ့ အဆင့် ၃ နေရာက လိုက်နေတဲ့ ရက်ဘူး ဆဲလ်ဘာတ် တို့ နောက်ဆုံးပွဲမှာ ထိပ်တိုက် တွေ့ကြပါပြီ ။ အေစီ အတွက် သရေဆိုရင် လုံလောက်မှာပါ ၊ ဆဲလ်ဘတ် ကတော့ မဖြစ်မနေ အနိုင် ကစားရရမှာပါ ။ ဆန်စီရို မှာ အေစီကို နိုင်ဖို့ဆိုတာတော့ မလွယ်ပါဘူး ။ ချန်ပီယံလိဂ် ရဲ့ အံ့ဖွယ်တွေ ဒီအုပ်စုမှာ ဖြစ်မလား မဖြစ်ဘူးလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ ။

ချဲလ်ဆီး ပွဲက စိတ်ဝင်စားဖို့ မကောင်းပါဘူး ။ ဒိုင်နမို ဇာဂရက် က ယူရိုပါလိဂ် မျှော်လင့်ချက် ရှိသေးတယ် ဆိုပေမယ့် ပိတ်ရက်တုန်းက ဘရိုက်တန် ကို ရှုံးထားလို့ တင်းနေတဲ့ ချဲလ်ဆီး က စတမ်းဖိုဒ့် ဘရစ် မှာ မျက်နှာ အပျက်ခံမှာ မဟုတ်ပါဘူး ။ ချဲလ်ဆီး နိုင်ပွဲ ပြန်ရမယ့် ပွဲပဲ ဖြစ်လာမှာပါ ။

အုပ်စု F မှာ ရီးရဲ နောက်တဆင့် တက်ပြီးသား ဆိုပေမယ့် နောက်ဆုံးပွဲကို နိုင်မှ အဆင့် ၁ နေရာအတွက် စိတ်အေးရနိုင်ပါတယ် ။ ဆဲလ်တစ် ရဲ့ အနေအထားက ရီးရဲ အတွက်မှုစရာတော့ မဟုတ်ပါဘူး ။ ဘန်ဇီးမားမပါလည်း နိုင်အောင်တော့ ကစားနိုင်မှာပါ ။

စိတ်ဝင်စားဖို့ ကောင်းတာက အဆင့် ၂ က လိုက်ပ်ဇစ် နဲ့ အဆင့် ၃ က ရှက်တာ ဒိုးနက် တို့ ထိပ်တိုက် တွေ့မယ့် ပွဲပါ ။ လိုက်ပ်ဇစ် က ၃ မှတ်သာ နေပေမယ့် Head to Head မှာ ရှက်တာက သာနေပါတယ် ။ အခု ပွဲကလည်း ရှက်တာ အိမ်ကွင်းမှာပါ ။ လိုက်ပ်ဇစ် ပေါ့လို့ လုံး၀ မရပါဘူး ။ ရှက်တာ အတွက်လိုအပ်နေတာက ၁-၀ ဆိုတဲ့ အဖြေပါ ။ ဒါဆိုရင် သူတို့ နောက်တဆင့် တက်ပါပြီ ။ အဲ့ဒါမဟုတ်ရင်တော့ ၁၆ သင်းဆင့်က လိုက်ပ်ဇစ် အတွက်ပဲ ဖြစ်သွားမှာပါ ။

အုပ်စု G ကလည်း အသက်မဲ့သွားပါပြီ ။ ဆီဗီးလား က မန်စီးတီး ကို ခြေထိုးခံချင်ရင်တောင် ခြေထိုးခံဖို့ အင်အား မလုံလောက်ပါဘူး ။ စီးတီး ပဲ အစ်တီဟတ်မှာ နိုင်ပွဲယူပြီး အုပ်စုဗိုလ်နဲ့ နောက်တဆင့် တက်မှာပါ ။

ဒေါ့မွန် ကတော့ ဒုတိယ နေရာသေချာပြီမို့ လူချွေတာ နိုင်ပါတယ် ။ ဒိန်းမတ် ကွင်းမှာ ဒေါ့မွန် တို့ နိုင်ဖို့ မသေချာပါဘူး ။ ဒေါ့မွန် ဘက်က နေဖို့ စိတ်ကူးထားရင် ပြန်တော့ စဉ်းစားစေချင်ပါတယ် ။

အုပ်စု H မှာ PSG က ၁၁ မှတ် ၊ ဘင်ဖီကာ က ၁၁ မှတ် စီနဲ့ ၂ သင်းလုံး နောက်တဆင့် တက်ထားကြပါပြီ ။ ဒီတပတ် မှာ ဘင်ဖီကာ က မက္ကာဘီ ဟိုင်ဖာ နဲ့ ကစားရမှာပါ ။ အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ် ။ PSG ကလည်း ယူဗင်တပ် နဲ့ အဝေးကွင်းပွဲကို ကစားရမှာပါ ။ မက္ကာဘီ နဲ့ ယူဗင်တပ် တို့က ၃ မှတ်စီ နဲ့ တူနေကြလို့ ဘယ်အသင်း ယူရိုပါလိဂ် ဆင်းရမလဲ ဆိုတာ အခု နောက်ဆုံးပွဲကို ဘယ်သူ အနိုင် ကစားနိုင်မလဲ ဆိုတဲ့ အပေါ် မူတည်လာခဲ့ ပါတယ် ။

၂ သင်းစလုံးက ဧည့်သည်တွေကို နိုင်ဖို့ လုံလောက်တဲ့ အနေအထားမှာ မရှိကြပါဘူး ။ ၂ သင်းလုံး ရှုံးလောက် ပါတယ် ။ ဒါဆိုရင်တော့ ယူဗင်တပ် တို့ ယူရိုပါလိဂ် ဆင်းရပြီး မက္ကာဘီ ကတော့ အိမ်ပြန်ရမှာပါ ။

နောက်ဆုံး မိနစ် ၊ နောက်ဆုံး အချိန်အထိ ရင်ခုန်စိတ်လှုပ်ရှားရမယ့် အုပ်စု ဒီ ကတော့ ဒီတပတ်မှာ ဗိုလ်လုပွဲ လို အမှားမခံတဲ့ ပွဲစဉ် ၂ ပွဲနဲ့ ပိတ်သိမ်းသွားမှာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာ တော့တင်ဟမ် ဟော့စပါး က ၈ မှတ် နဲ့ ပထမ ၊ စပို့တင်း က ၇ မှတ် နဲ့ ဒုတိယ ၊ ဖရန့်ဖတ် ကလည်း ၇ မှတ် နဲ့တတိယ ရထားပြီး မာဆေး က ၆ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရှိနေပါတယ် ။

အခု နောက်ဆုံး အပတ်မှာ မာဆေး က စပါး ကို ပြင်သစ်မြေပေါ်မှာ ဧည့်ခံရမှာပါ ။ စပါး အတွက် တကယ် မလွယ်တဲ့ ပွဲပါပဲ ။ အရန်တိုက်စစ်သမားတွေ မပါဘဲ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင် တို့ ၂ ယောက်ကိုပဲ အားကိုးရမယ့် အနေအထားက စပါး အတွက် ခက်ခဲစေမှာပါ ။ ပြင်သစ် ပရိသတ်တွေ က အရမ်းကြမ်း ပါတယ် ။ မာဆေး ကလည်း အိမ်ကွင်းမှာ ဆိုရင် ပရိသတ် အားကိုးနဲ့ ရှယ် မိုက်တဲ့ အသင်းပါ ။ စပါး ရှုံးတောင် ရှု့းသွား နိုင်ပါတယ် ။

ပေါ်တူဂီ မြေပေါ်မှာ ကစားမယ့် စပို့တင်း နဲ့ ဖရန့်ဖတ် တို့ပွဲမှာ နိုင်မယ့် အသင်း နောက်တဆင့်တက် မှာပါ ။

သရေ ကျမယ်ဆိုရင်တော့ စပါး ပွဲ ဘယ်လို ဖြစ်မလဲဆိုတာ ကို စောင့်ကြည့်ရမှာပါ ။ စပါး သာ မာဆေး ကို ရှုံးလိုက်ပြီး စပို့တင်း နဲ့ ဖရန့်ဖတ် တို့ သရေကျသွားမယ် ဆိုရင်တော့ ၃ သင်း ၈ မှတ်စီ တူသွားပါပြီ ။ အဲ့ဒါကျရင်တော့ နောက်ထပ် စည်းမျဉ်းတွေနဲ့ ဆုံးဖြတ်ရမှာပါ ။

ပြင်သစ်မြေပေါ်မှာ စပါး ဘက်က နေဖို့ ခက်ပါတယ် ။ ပေါ်တူဂီ မြေပေါ်မှာတော့ ဖရန့်ဖတ် ဘက်က နေချင် နေလို့ ရနိုင်ပါတယ် ။ စပါး ယူရိုပါလိဂ် ဆင်းရပြီး ဖရန့်ဖတ် နဲ့ မာဆေး တို့ နောက်တဆင့် တက်လာမယ် ဆိုရင်လည်း အံ့သြမိမှာ မဟုတ်ပါဘူး ။

SPORTS MYANMAR