အိမ်ပေါင်လောင်းလို့ ရတဲ့ ချန်ပီယံလိဂ်၀င်ခွင့်ရမယ့် အသင်း ၃ သင်းကို ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် နဲ့ အင်္ဂလန် နောက်ခံလူဟောင်း ဖြစ်သူ ရီယိုဖာဒီနန်က ဒီရာသီ ပရီးမီးယားလိဂ် top 4 အတွက် အသင်း ၃ သင်းဟာ သူ့ရဲ့ အိမ်ကို ပေါင်ပြီးလောင်းလို့ ရတဲ့ အထိ သေချာတယ်လို့ ဆိုလိုက်ပါတယ်။ ဖာဒီနန်က top 4 race ဟာ တစ်ဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပြီလို့ ယုံကြည်နေပြီး အာဆင်နယ် နဲ့ မန်စီးတီး တို့ဟာ သူတို့ရဲ့ ပြိုင်ဘက်တွေကို ဖြတ်ကာ အမှတ်ပေးဖလား အတွက် တိ်ုက်ပွဲ၀င်သွားဖို့ ရှိနေပြီး အောက်က အသင်း ၄ သင်းကြား ရမှတ် ကွာဟမှုက ၅ မှတ်ပဲ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရာသီက အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့တဲ့ ဂန်းနား တို့ဟာ ရာသီမှာ တာထွက် အတော်လေး ကောင်းနေခဲ့ပြီး လိဂ်ပွဲစဉ် ၁၂ ပွဲမှာ ရမှတ် ၃၁ မှတ်ထိ ရယူထားကာ အဆင့် ၁ နေရာမှာ ရှိနေပါတယ်။ လက်ရှိ ချန်ပီယံ မန်စီးတီးက ဒုတိယ နေရာကနေ ၂ မှတ် အကွာနဲ့ ဖိအားပေးနေပြီး ကွန်တီရဲ့ အသင်းကတော့ ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ခံနေရပေမယ့် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ နယူးကာဆယ်ကတော့ နွေရာသီက ကောင်းမွန်တဲ့ လူအင်အား ဖြည့်တင်းမှုတွေနဲ့ အတူ ဒီရာသီမှာ ပုံစံကောင်းကို ပြသနေပြီး အဆင့် ၄ နေရာမှာ ရှိနေကာ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ကတော့ အဆင့် ၅ နဲ့ အဆင့် ၆ နေရာ တို့မှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဖလားကို ရမှတ် ၁ မှတ်တည်းနဲ့ လွဲခဲ့ရတဲ့ လီဗာပူးကတော့ ဒီရာသီမှာ တာထွက်ဆိုးနေတာကြောင့် အဆင့် ၉ နေရာကို ရောက်နေပါတယ်။

ဖာဒီနန်က ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ ပက်သက်ပြီး အသင်း ၃ သင်းကို သူ့အိမ်ပေါင်ကာ လောင်းရဲတယ်လို့ ပြောသွားပါတယ်။

ယူနိုက်တက် နောက်ခံလူဟောင်းက “ချန်ပီယံလိဂ် ပြိုင်ပွဲကို သေချာပေါက် ၀င်ခွင့်ရမယ့် အသင်း ၃ သင်းဟာ အာဆင်နယ် မန်စီးတီး နဲ့ မန်ယူနိုက်တက် တို့ ဖြစ်ပါလိမ့်မယ်။ အခုချိန်မှာ ဒီအသင်း ၃ သင်း အတွက် ကျွန်တော့်ရဲ့ အိမ်ကို ပေါင်ကာ လောင်းရဲပါတယ်။ အဆင့် ၄ နေရာ ရမယ့် အသင်းကိုတော့ ကျွန်တော် မရွေးချယ်တက်ပါဘူး။ နယူးကာဆယ်ဟာ အသင်းကြီး တစ်ချို့ကို ကျော်ကာ ဒီနေရာကို ရယူသွားနိုင်စွမ်း ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်တဲ့ ဂယ်ရီနဗီး ကလည်း အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ ပုံစံကောင်းကို ပြသနေတဲ့ သူ့ရဲ့ အသင်းဟောင်းဟာ ဒီရာသီမှာ top 4 ၀င်ခွင့် ရယူနိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့ပါတယ်။ သရဲနီ တို့ဟာ ရာသီ အဖွင့်ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပေမယ့်လည်း အဲဒီနောက်မှာ ပုံစံကောင်းကို ပြသနေကာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လာခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ ၁ မှတ် အကွာမှာ ရှိနေပါတယ်။

နဗီးက “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ဒီအချိန်မှာ Top 4 ၀င်နိုင်ဖို့ အတွက် အရမ်းကို ကောင်းတဲ့ အခွင့်အရေး ရှိနေတယ်လို့ ထင်ပါတယ်။ ချဲလ်ဆီး လီဗာပူး နဲ့ စပါး တို့ဟာ ရလဒ် နဲ့ ခြေစွမ်းပိုင်းမှာ မတည်ငြိမ်ကြပါဘူး။ ယူနိုက်တက် အနေနဲ့ ဒီအသင်းတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ခံစားမိနေလောက်မှာပါ။ လွန်ခဲ့တဲ့ ၄ ပတ် ၅ ပတ်လောက်က ကျွန်တော် ဒီလို လုံး၀ မတွေးခဲ့ပါဘူး။”

SM