အာဆင်နယ်မှာတုန်းကလိုမျိုး စပါး ကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်လှမ်းမယ်လို့ ကြွေးကြော်လိုက်တဲ့ ဆန်းချက်ဇ်

 

မာဆေးလ် အသင်းရဲ့ တိုက်စစ် ကစားသမားအလက်ဆစ် ဆန်းချက်ဇ် ​က အာဆင်နယ် မှာ ကစားစဉ် ကတည်းက စပါး ကို အနိုင်ယူခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိတာကြောင့် ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း အနိုင် ကစားပြီး နောက်တစ်ဆင့် တက်လှမ်းသွားချင်တယ်လို့ ပြောကြားလိုက်ပါတယ် ။

မနက်ဖြန် မြန်မာစံတော်ချိန် နံနက်ပိုင်းမှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မာဆေးလ် အသင်းဟာ စပါး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အနိုင်ရအောင် ကစား နိုင်ပါက နောက်တစ်ဆင့် ကို တက်လှမ်း နိုင်မှာ ဖြစ်ပါတယ် ။

မာဆေးလ် အသင်းမှာ စပါး အသင်းရဲ့ ခါးသီး မြိုခံပြိုင်ဘက် အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဆန်းချက်ဇ် ၊ ကိုလာစီနက် ၊ ဂွမ်ဒူဇီ တို့ ရှိနေကြသလို အာဆင်နယ် အသင်းက အငှားချထားတဲ့ နူနို တာဗာရက်စ် လည်း ရှိနေပါတယ် ။

ချီလီ လက်ရွေးစင် အလက်ဆစ် ဆန်းချက်ဇ် ဟာ အာဆင်နယ် အသင်းမှာ သုံးနှစ်ခွဲကြာ ကစားခဲ့သူ ဖြစ်ပြီး ၁၆၆ ပွဲ ကစား ဂိုး ၈၀ အထိ သွင်းယူ နိုင်ခဲ့ကာ ဂန်းနားတို့နဲ့ အက်ဖ်အေ ဖလား နှစ်ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။

ဆန်းချက်ဇ် က စပါး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် အသင်း နဲ့ အတူ စပါး ကို အနိုင်ယူခဲ့ဖူးတဲ့ အကြောင်းတွေကို ပြန်ပြောင်း ပြောကြား သွားခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း မာဆေးလ် နဲ့ အတူ ထပ်မံ အနိုင်ယူမယ်လို့ ကြွေးကြော် သွားခဲ့ပါတယ် ။

” အာဆင်နယ် မှာ ကစားခဲ့ရတဲ့ အချိန်တွေက ကျွန်တော့် အတွက် တန်ဖိုး အရှိဆုံး အချိန်တွေပါပဲ ။ အာဆင်နယ် က လူတွေ အားလုံး နဲ့ ကြီးကျယ် ခမ်းနားတဲ့ အမှတ်တရတွေလည်း ရှိခဲ့ဖူးပါတယ် ၊ အထူးသဖြင့် ပရိသတ်တွေနဲ့ပေါ့ဗျာ ။ ”

” စပါး အသင်း ကို အနိုင်ယူရတဲ့ အချိန်တိုင်းက သိပ်ကို ပျော်စရာ ကောင်းပါတယ် ။ တကယ့်ကို ထူးခြား ကောင်းမွန်ခဲ့တဲ့ အချိန်ကာလတွေပါပဲ ၊ ကျွန်တော့်ရဲ့ နှလုံးသား ထဲမှာ အမြဲတမ်း သိမ်းထားမယ့် အမှတ်တရကောင်းတွေပါပဲဗျာ ။ ”

” အသင်းက ကစားသမားတိုင်းက ကစားဖို့ အနိုင်ယူဖို့ စိတ်အားတက်ကြွမှု ရှိနေကြပါတယ် ၊ ကျွန်တော်တို့ အနိုင် ၃ မှတ် ပြန်လည် ရယူ ချင်ပါတယ် ၊ အဝတ်လဲခန်း အတွင်းမှာလည်း အားလုံးက passion အပြည့် ရှိနေကြပါတယ် ၊ အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ကစားရတာက သိပ်ကို အရေးပါသလို ကျွန်တော်တို့ကို အနိုင် ကစားဖို့ မောင်းနှင်ပေးနိုင်မှာ အသေအချာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM