လီဗာပူးကို ပြိုင်ဘက်တွေ ကြောက်ရွံ့ခြင်း မရှိတော့ဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ် ကစားသမားဟောင်း

အာဆင်နယ် ကွင်းလယ်လူဟောင်း ဖြစ်သူ ပေါလ်မာဆွန်ဟာ ဒီရာသီ အစပိုင်းမှာ တာထွက်ဆိုးနေတဲ့ လီဗာပူး အသင်းကို ဝေဖန်သွားခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်းဟာ ပြိုင်ဘက် အသင်းတွေ အတွက် ကြောက်စရာ မဟုတ်တော့ဘူးလို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ မန်စီးတီး နဲ့ ၀က်ဟမ်း တို့ကို အနိုင်ရရှိခဲ့တာကြောင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ထင်မှတ်ခဲ့ပေမယ့်လည်း ၂ ပတ်ဆက်တိုက် တန်းဆင်းဇုန်က အသင်း ၂ သင်း ဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ် နဲ့ လိဒ် တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။

 

ဒီရလဒ်ကြောင့် လီဗာပူးဟာ ဇယားထိပ်ဆုံးနေရာက အာဆင်နယ်နဲ့ ၁၅ မှတ်ထိ ကွာဟသွားခဲ့တဲ့ အပြင် top 4 နေရာက နယူးကာဆယ်နဲ့လည်း ၈ မှတ်အကွာကို ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့တောင် အတော်လေး ရုန်းကန်ရဖို့ ရှိနေပါတယ်။

မာဆွန်က လီဗာပူးဟာ တကယ့်ကို ကြီးမားတဲ့ ပြသနာ ကြုံတွေ့နေရတယ်လို့ ဆိုလိုက်ပြီး ခြေစွမ်းပိုင်း မတည်ငြိမ်မှုကို မန်နေဂျာထက်စာရင် ကစားသမားတွေ ကသာ ပိုမို ရှင်းပြနိုင်မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မာဆွန်က “မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာ အကောင်းဆုံး performance ကို ပြသခဲ့ပြီးတဲ့နောက်မှာ နော့တင်ဟမ်ဖောရက်စ် နဲ့ လိဒ် တို့ကို ရှုံးနိမ့်ခဲ့တာကတော့ အကြောင်းပြချက် ပေးလို့ မရနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ လီဗာပူးဟာ ရှေ့ကို ခြေတစ်လှမ်းတိုးကာ နောက်ကို ခြေလေးလှမ်းလောက် ဆုတ်နေသလို ပါပဲ။ ကစားသမားတွေ ကသာ မန်စီးတီးနဲ့ ပွဲကလို ခြေစွမ်းမျိုး ပြသနိုင်တဲ့ အပြင် နော့တင်ဟမ်ဖောရက်စ် လိဒ် တို့ကို ရှုံးနိမ့်ခဲ့တဲ့ performance ကလည်း သူတို့ပဲ လုပ်နိုင်ပါတယ်။ ဒီပွဲစဉ်တွေမှာ ဘာတွေ ခြားနားသွားသလဲ ဆိုတာ ကစားသမားတွေပဲ ရှင်းပြနိုင်ပါတယ်။”

ဆက်လက်ပြီး မာဆွန်က ယာဂန်ကလော့ရဲ့ လီဗာပူး အသင်းဟာ အခုချိန်မှာ ပြိုင်ဘက်တွေ ကြောက်ရွံ့ရတဲ့ အသင်းမျိုး မဟုတ်တော့ဘူးလို့ ယူဆနေပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်းက “အသင်းတွေဟာ လီဗာပူးကို ကြောက်ရွံ့ခြင်း မရှိတော့ပါဘူး။ လီဗာပူးဟာ မန်ယူနိုက်တက်ကို ပြိုင်ဘက်တွေ အိုးထရပ်ဖို့ဒ်မှာ ကစားရတာ မကြောက်ရွံ့တော့တဲ့ ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ကစားသမားဘ၀တုန်းက အိုးထရပ်ဖို့ဒ်မှာ ကစားရတာကို အမြဲတမ်း ကြောက်ရွံ့ခဲ့ပါတယ်။ အခုချိန်မှာတော့ အဲဒီမှာ ကောင်းကောင်း ကစားပြနိုင်မယ် ဆိုရင် အနိုင်ရနိုင်တယ် ဆိုတာ ပြိုင်ဘက်တွေ သိလာခဲ့ပါတယ်။ အကယ်၍ လီဗာပူးကို ကိုယ့်ဘက်က ကောင်းကောင်း တုန့်ပြန်ကစားနိုင်ခဲ့မယ် ဆိုရင် အနိုင်ရဖို့ အခွင့်အရေးကောင်း ရှိနေတယ် ဆိုတာ ပြိုင်ဘက်တွေ သိလာခဲ့ပါပြီ။

လီဗာပူးဟာ ပြိုင်ဘက်တွေကို ကြောက်ရွံ့မှု ပေးနိုင်တဲ့ အရာတွေ ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီရာသီဟာ သူတို့ အမှတ်ပေးဖလားကို ကာကွယ်ရတဲ့ ရာသီကထက်ကို ဆိုးပါတယ်။ သူတို့ဟာ အမှတ်ပေးဖလားကို အချိန်အကြာကြီးနေမှ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒါမျိုး ဖြစ်ခဲ့တာကို ကျွန်တော် နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် အခုကတော့ လုံး၀ကို ခြားနားပါတယ်။ လီဗာပူး ဘက်ကလည်း ဒါကို သိပါတယ်။ သူတို့ဟာ အတွေ့အကြုံတွေလည်း ရှိထားပြီး ဖြစ်တာကြောင့် ဒီရာသီမှာ လုံး၀ အကြောင်းပြချက် ပေးလို့ မရပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ကလော့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး မာဆွန်က “ကလော့ဟာ လီဗာပူးကို တက်နိုင်သမျှ အကြာကြီး ကိုင်တွယ်ဖို့ စဉ်းစားနေသလား? မသေချာပါဘူး။ ဒါပေမယ့် လီဗာပူးကနေ ထွက်မထွက် ဆိုတာ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ်ပဲ မူတည်နေတာတော့ သေချာပါတယ်။ လီဗာပူးကတော့ သူ့ကို အမြဲတမ်း ထိန်းထားမှာပါ။ ဒါပေမယ့် ဆုံးဖြတ်ချက် ချရမယ့် အချိန်ကို ရောက်တဲ့ အခါမှာတော့ အဓိက သူ့အပေါ်ပဲ မူတည်မှာပါ။ ကလော့ဟာ ထိပ်တန်းမန်နေဂျာ ဖြစ်ပါတယ်။ လိဂ်ပြိုင်ပွဲမှာ top 4 ၀င်တာလောက်ကတော့ ဒီလို မန်နေဂျာအတွက် အောင်မြင်မှု မဟုတ်ပါဘူး။

သူဟာ လူစာရင်းကို အပြောင်းအလဲတွေ လုပ်ဖို့ အလို ရှိနေမှာပါ။ ဒါပေမယ့် သူ့ကို ပိုင်ရှင်တွေက လုံလောက်တဲ့ ထောက်ပံ့မှု မပေးထားခဲ့ပါဘူး။ သူတို့ဟာ နွေရာသီ ဒါ၀င်နူးနက်အတွက် ပေါင် ၈၅ သန်း သုံးခဲ့ပေမယ့် ဒါဟာ တစ်နေရာစာပဲ အားဖြည့်ခဲ့တာပါ။ သူတို့ဟာ အရင်လို အနေအထားကို ပြန်ရောက်နိုင်ဖို့ အတွက် နောက်ထပ် အားဖြည့်ရမယ့် နေရာတွေ ရှိနေပါသေးတယ်။” လို့ သုံးသပ်လိုက်ပါတယ်။