ဘရိုက်တန် စတား တဦးဟာ လန်ဒန် အင်အားကြီး ကလပ် ၃သင်းမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ အခိုင်အမာ ဆိုလိုက်တဲ့ အဘွန်လဟောာ

ဘရိုက်တန် အသင်းဟာ လတ်တလော နှစ်တွေမှာ အလားအလာကောင်းတဲ့ ကြယ်ပွင့် ကစားသမား အချို့ကို မွေးထုတ်ထားနိုင်ပြီး ၊ လက်ရှိမှာလည်း ထိပ်တန်း အသင်းကြီးတွေ မျက်စိကျနိုင်တဲ့ ကစားသမား အချို့ ပိုင်ဆိုင်ထားပါတယ် ။

ဒီအထဲမှာ ဒီရာသီ ဘရိုက်တန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား လီအန်ဒရို ထရော့ဆာ့ဒ်ကို ချန်ထားလို့ မရပါဘူး ။ အသက် ၂၇နှစ် အရွယ်ရှိ ထရော့ဆာ့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ပွဲ ကစားထားရာ ၊ ၇ဂိုးသွင်း ၂ဂိုးဖန်တီးထားပါတယ် ။

ထရော့ဆာ့ဒ် ဟာ နည်းပြသစ် ရော်ဘတ်တို ဒီဇာဘီ လက်ထက် အဖွင့်ပွဲ ဖြစ်တဲ့ အန်ဖီးလ်မှ လီဗာပူးနဲ့ ပွဲမှာ ဟက်ထရစ် သွင်းနိုင်ခဲ့သလို ၊ နောက်ဆုံး ကစားခဲ့တဲ့ ဆရာဟောင်း ဂရေဟမ် ပေါ်တာ ကိုင်တွယ်နေတဲ့ ချဲလ်ဆီးဖက်ကို အဖွင့်ဂိုး သွင်းယူခဲ့ကာ ၊ ၄င်းတို့ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့ပါတယ် ။

အက်စ်တွန်ဗီလာ တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဘွန်လဟောကတော့ ထရော့ဆာ့ဒ် ဟာ လတ်တလော ခြေစွမ်းကြောင့် ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိမှာ သေချာကြောင်း သုံးသပ်ရင်း ၊ ချဲလ်ဆီး ၊ အာဆင်နယ် ၊ တော့တင်ဟမ် အသင်းတွေမှာ လုံးဝ ခြေစွမ်းပြနိုင်ကြောင်း အခိုင်အမာ ဖွင့်ဆိုခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အဘွန်လဟော က ” ထရော့ဆာ့ဒ်ဟာ ဒီရာသီ ခြေစွမ်း အထူး တိုးတက်လာပြီး ၊ ဂိုးတွေပါ ထပ်ပြီး ပေါင်းထည့်ထားနိုင်ပါတယ် ။ သူဟာ ပြိုင်ဖက်တိုင်းကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ် ။ ချဲလ်ဆီးနဲ့ ပွဲမှာ သူ သွင်းယူခဲ့တဲ့ ဂိုးဆိုရင် သူဟာ တည်တည်ငြိမ်ငြိမ် အာရုံစူးစိုက်မှု အပြည့်နဲ့ ဂိုးထောင့်ထဲကို သွင်းခဲ့တာ ဖြစ်ပါတယ် ။ ”

” လာမယ့် ကမ္ဘာ့ဖလားမှာ သူဟာ ဘယ်လ်ဂျီယမ် အတွက် ပွဲတိုင်း ပွဲထွက်ခွင့် ရနိုင်တဲ့ ကစားသမား တဦး ဖြစ်လာနိုင်ပါတယ် ။ ဒီခြေစွမ်းကြောင့် သူဟာ ဥရောပ တလွှားက အင်အားကြီး ကလပ်တွေကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပါလိမ့်မယ် ။ ”

” ချဲလ်ဆီး ၊ အာဆင်နယ် ၊ တော့တင်ဟမ် အသင်းတွေမှာ သူ ကောင်းကောင်းကြီး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီတော့ လက်ရှိ ကစားပုံအရဆိုရင် ဇန်နဝါရီမှာ သူ့အတွက် ငွေကြေး အမြောက်အမြား ပုံပေးနိုင်မယ့် ကမ်းလှမ်းမှုမျိုး ရောက်လာရင် ၊ ဘရိုက်တန်က သူ့ကို ထုတ်ရောင်းသွားနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ထရော့ဆာ့ဒ် ဟာ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ဂရေဟမ် ပေါ်တာရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်ခဲ့ပြီး ၊ ဘယ်လ်ဂျီယမ် ကလပ် ဂန့်ခ်အသင်းကနေ ဘရိုက်တန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ တလက အင်တာဗျူး တခုမှာ ထရော့ဆာ့ဒ်က ဆရာဟောင်း ရှိရာ ချဲလ်ဆီးသို့ လိုက်ပြောင်းနိုင်ဖို့ ရှိမရှိ မပေါ် အခုလို တုန့်ပြန် ဖြေကြားခဲ့ဖူးပါတယ် ။

ထရော့ဆာ့ဒ် က ” ကျွန်တော်တို့ အသင်းရဲ့ နည်းပြ ဖြစ်သူဟာ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကြောင့် အသင်းပြောင်းသွားတာ မှန်ပေမယ့် ၊ ကျွန်တော် သူ့နောက် ဆက်လိုက်မယ် ဆိုတဲ့ သတင်း ယူဆချက်တွေက အဓိပ္ပာယ် လုံးဝ မရှိပါဘူး ။ ”

” အခွင့်အရေးသာ ရခဲ့ရင်တော့ ၊ ကျွန်တော် ချဲလ်ဆီးကို ပြောင်းချင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ဟာ ပုံမှန် ကစားခွင့် လိုပါတယ် ။ အရန်ခုံမှာ ထိုင်ဖို့ မဟုတ်ပါဘူး ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

SPORTS MYANMAR