အသင်းဖော် ဒဟဲယား ကို ချီးကျုးရင်း သူ ဘယ်လို ရုန်းကန်ခဲ့ရသလဲဆိုတာ ဖွင့်ဟပြောပြလာတဲ့ မားကပ် ရက်ဖိုဒ့်

 

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ မနေ့ညက ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကို အနိုင် ရခဲ့တဲ့ ပွဲမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ် သွားတဲ့ အသင်းဖော် ဂိုးသမား ဒါးဗစ် ဒဟဲယား ကို ချီးကျုး ပြောဆိုခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ မနေ့ညက ပွဲမှာ ယူနိုက်တက် ရဲ့ တလုံးတည်းသော အနိုင်ဂိုး ကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး အသင်းကို ၃ မှတ် ရရှိကာ အဆင့် ၅ နေရာကို တက်လှမ်း သွားစေခဲ့ ပါတယ် ။

ဒါပေမယ့် ဒါးဗစ် ဒဟဲယား ကတော့ မနေ့ညက ပွဲရဲ့ သူရဲကောင်း ဖြစ်ခဲ့ ပါတယ် ။ ၃၁ နှစ် ရှိပြီ ဖြစ်တဲ့ စပိန်သား ဟာ ဝက်စ်ဟမ်း ရဲ့ ထိုးဖောက် ဂိုးသွင်းမှု များစွာကို လက်စွမ်းပြ ကာကွယ် ပေးခဲ့ပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။

ဒီလို လက်စွမ်းပြခဲ့မှုဟာ မကြာသေးခင်ကမှ ဒဟဲယား ကို ကမ္ဘာ့ဖလား ကနဦး ၅၅ ယောက် စာရင်းကနေ ချန်လှပ် ခဲ့တဲ့ စပိန်နည်းပြ အန်နရီကေး အပေါ် မေးခွန်းထုတ်ချင်စရာ ဖြစ်စေခဲ့ ပါတယ် ။

“ဇူးမား ရဲ့ ခေါင်းတိုက်ချက် ကို ဒါးဗစ် ကာကွယ် သွားတာ မယုံနိုင် စရာပါပဲ ။ သူ ဘယ်လိုလုပ်ပြီး ဒါကို ပုတ်ထုတ် လိုက်နိုင်လဲဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး ။ ရိုက်စ် ရဲ့ ကန်ချက် တကြိမ် ကိုရောပါ ။ ဒါးဗစ် ဟာ ထိပ်တန်း ဂိုးသမား ဆိုတာ အားလုံး သိပြီးသားပါ ။ ဒီလို ပါးစပ် အဟောင်းသား ဖြစ်စေမယ့် အခိုက်အတန့် တွေကို သူ အများကြီး လုပ်ပြ ခဲ့ပြီးပါပြီ” လို့ ရက်ဖိုဒ့် က ဒဟဲယား ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ် ကလည်း ဒဟဲယား ရဲ့ လက်စွမ်းပြမှု ကို ဆိုရှယ် မီဒီယာ ပေါ်ကနေ ချီးကျုးရေးသား သွားခဲ့ ပါတယ် ။

“ဇူးမား ရဲ့ ခေါင်းတိုက်ချက် ကတော့ အန္တရာယ် အရှိဆုံးပါ ။ ဂိုးသွားတော့ မလို့ပါပဲ ။ ဒါပေမယ့် ကျွန်တော် ကာကွယ် နိုင်လိုက်လို့ ဝမ်းသာမိပါတယ် ။ တကယ်တန်ဖိုးရှိတဲ့ နိုင်ပွဲပါ” လို့ ဒဟဲယား က ပွဲအပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် နဲ့ ပွဲက ဂိုးဟာ မားကပ် ရက်ဖိုဒ့် အတွက် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ဂိုး ဖြစ်လာစေခဲ့ ပါတယ် ။ ဒါဟာ ယူနိုက်တက် သမိုင်းမှာ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ ၂၂ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ၂၀၁၇ မှာ အကယ်ဒမီ အသင်းကနေ ယူနိုက်တက် စီနီယာ အသင်းကြီးဆီ ပြောင်းရွှေ့ ကစားခွင့် ရရှိခဲ့ပြီး အဆိုပါ အချိန်ကစလို့ ၅ နှစ် အကြာမှာ ဂိုး ၁၀၀ ပြည့်မြောက် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ရက်ဖိုဒ့် ဟာ ၂၀၂၀-၂၁ ရာသီအထိ အသင်းရဲ့ အားထားရတဲ့ ကစားသမား ၊ အဓိက ဂိုးသွင်းသူ တယောက် ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် မနှစ်က ၂၀၂၁-၂၂ ရာသီမှာတော့ ပုခုံးခွဲစိတ် ကုသမှုတွေ ၊ ယူရိုဖိုင်နယ် မှာ ပင်နယ်တီ လွဲမှုတွေ ၊ ယူရိုပါလိဂ် ဖလားကို ( ၂၀-၂၁ ရာသီ ) လက်လွှတ်ရမှုတွေ ကနေ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရရှိ ခဲ့ပြီး တရာသီလုံးနီးပါး ရုန်းကန် ခဲ့ရပါတယ် ။

 

“မနှစ်တုန်းက ကျွန်တော် တကယ့်ကို ခက်ခက်ခဲခဲ ရုန်းကန် ခဲ့ရပါတယ် ။ ရုပ်ပိုင်း ဆိုင်ရာထက် စိတ်ပိုင်း ဆိုင်ရာ တွေပေါ့ ။ ကွင်းထဲက ထက် ကွင်းပြင်က ကိစ္စတွေက ပိုခဲ့ပါတယ် ။ မနှစ်က တနှစ်လုံးနီးပါး တောက်လျောက် ဖြစ်နေတာပါ ။ ကိုယ့်ကိုယ်ကိုယ် ပုံမှန် အနေအထား ဖြစ်နေတယ်လို့ကို မခံစား မိခဲ့ပါဘူး”

“အရိုးသားဆုံး ပြောရရင် ဒီနှစ်မှာ အသင်းက အရမ်းကို ပြောင်းလဲ သွားပါပြီ ။ လေ့ကျင့်ခန်း အစီအစဉ်တွေ ၊ လေ့ကျင့်ရေး စနစ်တွေ ၊ ကွင်းအနေအထားတွေ ၊ ခံယူချက်တွေ ၊ အချင်းချင်း ရင်းနှီးမှုတွေက အစပါ ။ ဒါတွေက ကျွန်တော့ကို ပိုကောင်းတဲ့ ခံစားချက်တွေ ဖြစ်စေခဲ့ ပါတယ် ။ အခု ကျွန်တော် အရမ်းပဲ တက်ကြွနေပါပြီ” လို့ ဒီကနေ့ ( တနင်္လာ ) မှာ ၂၅ နှစ် ပြည့်မယ့် မားကပ် ရက်ဖိုဒ့် က ပြောဆို သွားခဲ့ ပါတယ် ။

 

ယူနိုက်တက် ဟာ လာမယ့် ကြာသပတေးနေ့ မှာ ယူရိုပါလိဂ် အုပ်စု နောက်ဆုံးပွဲ အဖြစ် ရီးရဲ ဆိုဆီဒက် အသင်းကို စပိန်မြေပေါ် သွားရောက် ကစားရမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေ မှာတော့ အက်စတွန် ဗီလာ အသင်း နဲ့ အဝေးကွင်း ပွဲစဉ်ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR