အဆင့် ၁ ပြန်ယူတဲ့ ဂန်းနား ၊ အမှတ်ဖြတ်တဲ့ နာပိုလီ ၊ ရီးရဲသရေကျချိန်မှာ အနီထိသွားတဲ့ ကရူးစ် တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် ဟာ အိမ်ကွင်းမှာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ၅ ဂိုးပြတ် အနိုင် ကစားကာ စနေနေ့ တုန်းက လက်လွှတ် ထားရတဲ့ အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက် သွားခဲ့ ပါတယ် ။

အာဆင်နယ် အတွက် မာတင်နယ်လီ ၊ အိုဒီဂွာ ၊ သောမတ်စ် ပါတေး တို့ ၁ ဂိုးစီ သွင်းပေးခဲ့ကြပြီး လူငယ်လေး နယ်လ်ဆင် ကလည်း လူစားဝင် အပြီး ၁၀ မိနစ် အတွင်းမှာ ၂ ဂိုးသွင်းကာ ခြေစွမ်းပြ ကစား သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကလည်း ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာ မားကပ် ရက်ဖိုဒ့် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဒီဂိုးဟာ ရက်ဖိုဒ့် အတွက် မန်ယူနိုက်တက် ကစားသမား ဘ၀ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ ဂိုးလည်း ဖြစ်လာခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အေစီမီလန် ရော လာဇီယို ပါ ရှုံးပွဲ ကြုံတွေ့ သွားခဲ့တာကြောင့် နာပိုလီ ဟာ ဒုတိယ နေရာကို ပြန်ရောက်လာတဲ့ အတ္တလန်တာ ကို ၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ ဂီရိုနာ အသင်း နဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ ပါတယ် ။

ဒီရလဒ်ကြောင့် ရီးရဲ နဲ့ ဘာစီလိုနာ တို့ အကြားမှာ ၁ မှတ်သာ ကွာဟတော့ပြီး အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကြရတော့မှာပါ ။

 

ရီးရဲ ကွင်းလယ် ကစားသမားကြီး တိုနီ ကရူးစ် ဟာ အဆိုပါ ပွဲရဲ့ မိနစ် ၉၀+၁ မှာ ဒုတိယ အဝါကတ် ထိခဲ့ပြီး အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။ ဒါဟာ ကရူးစ် ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝမှာ ပထမဆုံး အနီကတ် ပြသ ခံရမှုလည်း ဖြစ်လာခဲ့ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ယူနီယံ ဘာလင် ဟာ မိုချန်ဂလာဘတ် ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ပြန်တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။ လက်ရှိ မှာ ယူနီယံ ဘာလင် က ၂၆ မှတ် ၊ ဘိုင်ယန်မြုးနစ် က ၂၅ မှတ် ၊ ဖရိုင်းဘတ် က ၂၄ မှတ်တို့နဲ့ အသီးသီး ရပ်တည် နေကြပါတယ် ။

ယူဗင်တပ် နဲ့ အီတလီ ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ဒယ်လ်ပီယာရို ဟာ ယူဗင်တပ် ရဲ့ လူငယ် ကစားသမားလေး ဆင်မြူရယ် အိုင်လင်း ဂျူနီယာ ကို အီတလီ ကလပ်မှာ အချိန်ကြာအောင် ဆက်ကစား သွားဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ် ။

ရာဟင်းစတာလင် ဟာ ချဲလ်ဆီး ထံ မပြောင်းရွှေ့ ခင်မှာ နွေရာသီ တုန်းက ရီးရဲမက်ဒရစ် နဲ့ နီးစပ်မှု ရှိခဲ့တယ်လို့ သတင်းထွက်လာပါတယ် ။

မန်စီးတီး ဟာ စတာလင် ကို ခေါ်ယူဖို့ ရီးရဲ ကို ကမ်းလှမ်းခဲ့ ပေမယ့် စပိန်ချန်ပီယံ ဟာ အသင်းမှာ non-EU နေရာလွတ် မရှိတာကြောင့် မခေါ်ယူ နိုင်ခဲ့ဘူးလို့ သိရပါတယ် ။

ရီးရဲ မှာ ပွဲကစားခွင့် နည်းပါး နေပေမယ့် မာကို အဆန်စီရို ကတော့ မက်ဒရစ် မှာ ဆက်နေဖို့ စိတ်ကူး ထားပြီး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို သွားဖို့ စဉ်းစား နေတယ်လို့ ကြားသိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် ဟာ အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့် တိုက်စစ်သမားလေး ဂျာအိုဖိလစ် ကို ပြီးခဲ့တဲ့ နွေတုန်းက ပေါင် ၈၅ သန်း နဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပေမယ့် စပိန် ကလပ် ဘက်က ငြင်းပယ် သွားခဲ့တယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

နယူးကာဆယ် အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းတွေ ပြသနေတဲ့ ဘရာဇီး ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ကို ဘာစီလိုနာ အသင်းက စောင့်ကြည့် လာတယ်လို့ သိရပါတယ် ။

ဘာဆာ ဟာ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဆာဂျီယို ဘက်စကွက် ရဲ့ နေရာကို အစားထိုးဖို့လည်း ကစားသမားတွေ စာရင်း ပြုလုပ် နေပြီး ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ ကို ထည့်သွင်း စောင့်ကြည့် နေတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ကွင်းလယ်လူ ဖရန့် ကတ်ဆီ ရဲ့ အေးဂျင့်က သူ့ကစားသမား ဟာ နူးကမ့်မှာ ပွဲ ကစားခွင့် နည်းပါးတာကြောင့် မပျော်မရွှင် ခံစား နေရပြီး အသင်းပြောင်းလိုတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ၊ ကတ်ဆီ ဟာ ဘာစီလိုနာ မှာ ဆက်နေသွားဖို့သာ စိတ်ကူးထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် တောင်ပံ ကစားသမားလေး ဘူကာယို ဆာကာ ဟာ မနေ့ညက ပွဲမှာ ဒဏ်ရာ ရရှိပြီး လူစားလဲ ခဲ့ရတာကြောင့် ကမ္ဘာ့ဖလား နဲ့ ၃ ပတ်သာ လိုတော့ချိန်မှာ ပရိသတ်တွေကို စိတ်ပူစရာ ဖြစ်လာစေခဲ့ ပါတယ် ။

SPORTS MYANMAR