ရိုနယ်ဒို ၊ ဒဟဲယား ၊ မက်ဂွဲယား နဲ့ အနိုင်ဂိုးရှင် ရက်ဖိုဒ့်တို့ အကြောင်းတွေကို ပြောပြသွားတဲ့ အဲရစ်တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်း ကို ၁-၀ ရလဒ် နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ ဒီနိုင်ပွဲဟာ ယူနိုက်တက် ကို ချဲလ်ဆီး ရဲ့ အထက် အဆင့် ၅ နေရာကို ရရှိ စေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက်တွေ ကောင်းလာ စေခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် တလုံးတည်းသော ဂိုးကိုတော့ တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် က ပထမပိုင်းမှာ ခေါင်းတိုက် သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

“တကယ်ကောင်းတဲ့ ခေါင်းတိုက်ချက် ပါ ။ အဲရစ်ဆင် ဆီကဘောလုံး ကလည်း တကယ်ကောင်းခဲ့ပါတယ် ။ ရက်ဖိုဒ့် အတွက်တော့ သူ့မွေးနေ့ အကြို လက်ဆောင်လည်း ဖြစ်သလို အသင်းအတွက် ဂိုး ၁၀၀ မြောက်လည်း ဖြစ်ခဲ့ ပါတယ် ။ တကယ်ထူးခြားတဲ့ မှတ်တမ်းကောင်း ပါပဲ ။ အသင်းရဲ့ အစဉ်အလာ ကောင်း ( အကယ်ဒမီကစားသမားတယောက် လူစာရင်း သို့ ကွင်းအတွင်း ဆက်တိုက်ပါဝင် နိုင်မှု ၈၅ နှစ်ပြည့် ) ကို ဆက်လက် ထိန်းသိမ်းတဲ့ နေရာမှာ မားကပ်စ် ( ရက်ဖိုဒ့် ) က တစ်ထောင့်တစ်နေရာ ကနေ ပါဝင် အားဖြည့် သွားခဲ့ပါတယ်” လို့ တန်ဟတ် က ရက်ဖိုဒ့် ရဲ့ ဂိုး ၊ တိုက်စစ်မှူး ရဲ့ မှတ်တမ်းကောင်းတွေ အပေါ် ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဟာ ယူနိုက်တက် ကို အကောင်းဆုံး တုန့်ပြန် နိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု များစွာ ပြုလုပ် ခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒဟဲယား အထူး လက်စွမ်းပြ ခဲ့ကာ ဝက်စ်ဟမ်း ရဲ့ ဂိုးသွင်းမှု များစွာကို အကောင်းဆုံး ပုတ်ထုတ် ကာကွယ်ပေးသွား နိုင်ခဲ့ ပါတယ် ။

 

“လူတိုင်းမှာ သူ့အမြင်နဲ့သူ ရှိကြပါတယ် ။ ကျွန်တော့ အမြင်မှာတော့ ဂိုးသမား တယောက်ဟာ ကိုယ့်ရဲ့ ဂိုးကို ကာကွယ်ပေး ရမှာပါ ။ ဂိုးမပေးရအောင် ကြိုးစားရမှာပါ ။ ဒီနေ့ပွဲမှာ ဒဟဲယား က ဒါကို တကယ် ကောင်းအောင် လုပ်ပြ သွားခဲ့ ပါတယ် ။ သူ့ရဲ့ ကာကွယ်မှုတွေက အံ့သြစရာပါပဲ”

“ဒဟဲယား အနေနဲ့ နောက်တန်း ကနေ ရှေ့ကို ဘောလုံး ပို့ပေး နိုင်ဖို့ တိုက်တွန်း ထားပါတယ် ။ အခုထက် ပိုပြီး သူ တိုးတက်လာမှာပါ ။ ဒါဟာ အသင်းအတွက်ရော ကစားကွက် အတွက်ပါ အကျိုး ရှိလာနိုင်ပါတယ်” လို့လည်း တန်ဟတ် က ဒဟဲယား ကို ချီးကျုးရင်း စပိန်သားရဲ့ ကစားပုံအပေါ် သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

စပါး နဲ့ ပွဲမှာ မပြေမလည် ဖြစ်ခဲ့ကြတဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်း ခံရချိန် မှာတော့ “ရိုနယ်ဒို ပြန်တောင်းပန် ပြီးပြီလား ? ဒီအကြောင်းတွေ တော်သင့်ပါပြီ ။ ကျွန်တော် လည်း လုံလောက်တဲ့ အဖြေကို ပေးပြီးပါပြီ ။ သူ ဒီမှာ ရှိနေတဲ့ အတွက် ဝမ်းသာပါတယ် ။ ခရစ္စတီယာနို ဟာ အရေးါတဲ့ ကစားသမားပါ ။ ကြာသပတေးတုန်းက သူ ဂိုးသွင်း နိုင်ခဲ့လို့ အားလုံး ပျော်ရွှင်ရပါတယ် ။ အရေးပါတယ်ဆိုတာထက် သူပိုပြီး ဖြစ်နိုင်ပါတယ်” လို့ တန်ဟတ် က ဖြေကြား သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မနေ့ညက ပွဲမှာ ယူနိုက်တက် အတွက် ပွဲထွက် ပါဝင် ကစားခဲ့ ပါတယ် ။ တောင်ပံ တဘက်စီ မှာတော့ ရက်ဖိုဒ့် နဲ့ အီလန်ဂါ တို့ ပါဝင်လာခဲ့ပြီး အန်တိုနိ ကတော့ လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့တာကြောင့် ကျန်ရစ် ခဲ့ရတာလို့ ကြားသိရ ပါတယ် ။

ဒါ့အပြင် ဆွီဒင် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ဟာလည်း ဖျားနာနေတာကြောင့် မပါဝင်လာခဲ့ဘဲ ဟယ်ရီ မက်ဂွဲယား နဲ့ လီဆန်ဒရို မာတီနက် တို့ ခံစစ် အတွဲကို တန်ဟတ် ပွဲထုတ်သွားခဲ့ ပါတယ် ။

အသင်းခေါင်းဆောင် လက်ပတ် ကို ပြန်လည် ရရှိ ခဲ့ပြီး ပွဲကစားခွင့် ရခဲ့တဲ့ မက်ဂွဲယား ဟာ မနေ့ညက ပွဲမှာ ပုံစံကောင်း ပြသနိုင်ခဲ့ ပါတယ် ။

“ရလဒ် အတွက်ရော အသင်းရဲ့ ကစားပုံ အတွက်ရော ဟယ်ရီ မက်ဂွဲယား အတွက်ပါ ကျွန်တော် ပျော်ရွှင် ခဲ့ရ ပါတယ် ။ သူဟာ ဧရိယာထဲမှာ ကာကွယ်မှု ပေးစွမ်း နိုင်တဲ့သူပါ ။ သူ မကစားရတာ ကြာမှ အခုလို ပြန်ကစားခွင့် ရခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင် နိုင်ခဲ့တာ တကယ် ဝမ်းသာစရာပါပဲ” လို့ တန်ဟတ် က မက်ဂွဲယား ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ကြာသပတေးနေ့ မှာ ယူရိုပါလိဂ် အုပ်စု နောက်ဆုံးပွဲ အဖြစ် ရီးရဲ ဆိုဆီဒက် အသင်းကို စပိန်မြေပေါ် သွားရောက် ကစားရမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေ မှာတော့ အက်စတွန် ဗီလာ အသင်း နဲ့ အဝေးကွင်း ပွဲစဉ်ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ် ။

မနေ့ညက ပွဲမှာ အဝါကတ် ထိသွားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကတော့ ဗီလာ နဲ့ ပွဲကို လွဲချော် သွားခဲ့ရပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR