ယူနိုက်တက်ကို ကပ်ရှုံးခဲ့တဲ့အပေါ် အလိုမကျ ဖြစ်နေတဲ့ ဒေးဗစ် မိုယက်စ်

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ဒေးဗစ် မိုယက်စ်က မန်ချက်စတာ ယူနိုက်တက် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ် အပြီးမှာ သူတို့တွေဟာ ရမှတ်တစ်မှတ် ရရှိဖို့ ထိုက်တန်ခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပြီး ဂိုးပေါက််တွေလည်း မကြာခန ခြိမ်းခြောက်နိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ရပ်ရှ်ဖို့ ရဲ့ ခေါင်းတိုက်ချက် တစ်ခုကပဲ ဂိုးဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်း အသင််းက ပိုမို ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်ပြသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က အထူး လက်စွမ်းကောင်း ပြသရင်း ခြေပဂိုး မပေးရအောင် ကြိုးစားပြနိုင်ခဲ့ပါတယ် ။

 

ဒါ့အပြင် အဆိုပါ မိနစ်တွေ အတွင်း ယူနိုက်တက် ခံစစ်မှူးတွေရဲ့ ရှင်းထုတ်မှုတွေဟာလည်း အားရကျေနပ်ဖွယ် ဖြစ်ခဲ့ရပါတယ် ။ အခုတော့ ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်က သူတို့ အသင်းဟာ အိုးလ် ထရပ်ဖို့ဒ်မှာ ရမှတ် တစ်မှတ် ရဖို့ ထိုက်တန်ခဲ့ကြောင်း ငြီးတွားသွားခဲ့ပါတယ် ။

” အိုးလ် ထရပ်ဖို့ဒ်က ကျွန်တော့်ရဲ့ မှတ်တမ်းတွေဟာ အရင်တိုင်းပဲ ရှိနေဦးမှာပါ ။ ဒါပေမဲ့ ပွဲစဥ် တစ်ပွဲလုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ ရလဒ််နဲ့ နီးစပ်ခဲ့တယ်ဆိုတာကို မြင်တွေ့ရပါလိမ့်မယ် ။ ဒီပွဲမှာ ကျွန်တော်တို့ဟာ နီးစပ်ခွင့်တွေ အများကြီး ရခဲ့ကြပါတယ် ”

” ကျွန်တော့်ရဲ့ ကစားသမားတွေဟာ ဒီပွဲမှာ ကစားပုံ ခမ််းနားခဲ့ကြတယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့ အဝေးကွင််းကနေ တစ်စုံတစ်ခုရပြီးမှ ပြန်လာဖို့ ထိုက်တန်ခဲ့သင့်တဲ့ ပွဲစဥ်မျိုးမှာ အမှတ် ဗလာနဲ့ ပြန်လာဖို့ လုံးဝ မထိုက်တန်ခဲ့ကြပါဘူး ”

” ကျွန်တော်တို့ ဒီထက် အများကြီး ပိုကောင်းနိုင်တယ်လို့ မထင်မိပါဘူး။ တကယ်တော့ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ် ။ ကျွန်တော်တို့ ပထမပိုင်းမှာ ဘောလုံး ဆုံးရှုံးမှုတွေ အတော်လေး များခဲ့ကြပြီး အဲ့ဒီကနေတဆင့် ဂိုးပေးခဲ့လိုက်ရတာပါ ”

” ပြီးတော့ ပထမပိုင်း အတွင်းမှာ ကျွန်တော်တို့ရဲ့ ဘောလုံံး ပေးပို့မှုတွေ အလွဲအမှား ပိုများခဲ့ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒီနေ့ ကျွန်တော်တို့ တစ်သင်းလုံး အကောင်းဆုံး ကစားနိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ် ” လို့ မိုယက်စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar