ပြီးခဲ့တဲ့ နွေရာသီ အတွင်း ချဲလ်ဆီးတို့ ကြယ်ပွင့် တဦး အတွက် ငွေသက်သက် ဖြုန်းခဲ့ကြောင်း ဝေဖန်လိုက်တဲ့ အဘွန်လဟေ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို မထင်မှတ်ထားတဲ့ ၄ – ၁ ရလဒ်နဲ့ ဂိုးပြတ် ရှုံးခဲ့တာကြောင့် လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက် ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ဂရေဟမ် ပေါ်တာရဲ့ နည်းစနစ် အခင်းအကျင်း သာမက ပွဲထွက်စာရင်းက အတော်လေး မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ် ။ ဘရိုက်တန်ဟာ ထိုပွဲမတိုင်ခင် လက်ရှိ နည်းပြ ရော်ဘတ်တို ဒီဇာဘီ လက်ထက် နိုင်ပွဲ မရသေးတာ မှန်ပေမယ့် ၊ high intensity နဲ့ ကစားနိုင်တာ ရှေ့ပွဲတွေက သာဓက ဖြစ်ပါတယ် ။

့ပြီးခဲ့တဲ့ အပတ် ကြားရက်က ဆဲလ်ဇ်ဘာ့ဂ်နဲ့ ပွဲမှာ ပထမဆုံး အကြိမ် False wing-back ၂ဦး တပြိုင်နက် ထုတ်သုံးပြီး ပြိုင်ဖက် အပေါ် အံ့အားသင့်စေခဲ့ပေမယ့် ၊ ပေါ်တာ အနေနဲ့ ၂ပွဲ ဆက်တိုက် ထိုယာယီ နည်းစနစ်မျိုးက အလုပ်မဖြစ်ဘူး ဆိုတာ သတိပြုသင့်ပါတယ် ။

Wing-back စင်စစ် ၂ဦး ဖြစ်တဲ့ ဘန်ချေဝဲလ်နဲ့ ဆီဆာ အက်ဇ်ပီလီကွီတာတို့ တပတ် အပြည့် အနားရထားသည့်တိုင် ပေါ်တာဟာ False wing-back တွေကို ဘရိုက်တန်နဲ့ ပွဲမှာ ထပ်ပြီး စမ်းသပ်ကြည့်ခဲ့တာကြောင့် ဒီလို ရလဒ်မျိုး ထွက်လာခဲ့တာလို့ ယေဘူယျ ဆိုနိုင်ပါတယ် ။

အထူးသဖြင့် ကြားရက်က ပွဲမှာ ခြေစွမ်းပြန်ပြနိုင်ခဲ့တဲ့ ကူကူရယ်လာ ဟာ ဘရိုက်တန်နဲ့ ပွဲမှာ အိမ်ရှင် ပရိသတ်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၊ ပွဲအပေါ် လုံးဝ အာရုံမစိုက်နိုင်ခဲ့ပဲ ၊ ဒုတိယပိုင်း မိနစ် ၂၀လောက်မှာ လူစားလဲခံခဲ့ရပါတယ် ။

အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဘွန်လဟောကတော့ အသက် ၂၄နှစ် အရွယ် ယင်း စပိန် ကြယ်ပွင့်ကို ချဲလ်ဆီးတို့ မလိုအပ်ပဲ ပေါင်သန်း ၆၀ ဖြုန်းတီးကာ ခေါ်ယူခဲ့ကြောင်း ဝေဖန်ရင်း ၊ ဘန်ချေဝဲလ်နဲ့ အူဘားမီးယန်းတို့ကို ပွဲအစကတည်းက မသုံးတဲ့ ဂရေဟမ် ပေါ်တာရဲ့ ပွဲထွက် အခင်းအကျင်း အပေါ်လည်း မေးခွန်းထုတ်သွားခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အဘွန်လဟော က ” ကူကူရယ်လာ ချဲလ်ဆီးမှာ ကစားတဲ့ ပွဲတွေကို ကျွန်တော် လေ့လာ စောင့်ကြည့်ဖူးပါတယ် ။ သူဟာ အများဆုံး ၂ပွဲလောက်ပဲ ကစားပုံ ကောင်းခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာလည်း သူဟာ ၃၆မိနစ်ပဲ ကစားခဲ့ရပြီး ၊ လူစားလဲ ခံခဲ့ရပါတယ် ။ ”

” ဒီနေ့မှာလည်း ထိုနည်းတူ ၆၄မိနစ်အထိ ကစားခဲ့ရပေမယ့် ၊ ကစားကွက် ၊ နည်းစနစ် အပြောင်းအလဲ အတွက် စတေးခံခဲ့ရပါတယ် ။ ဒီ ကစားသမား အတွက် သူတို့ ပေါင်သန်း ၆၀ ပေးခဲ့တာလား ? ဘာလို့လဲ ဘန်ချေဝဲလ်နဲ့ အူဘားမီးယန်းက ပွဲထွက်ခွင့် မရခဲ့တာလဲ ? ”

” ဒီကစားသမားတွေဟာ တပတ် ၂ပွဲ အေးအေးဆေးဆေး ကစားပေးနိုင်ပါတယ် ။ ကမ္ဘာ့ဖလား စတင်ဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုတော့တဲ့အချိန် ၊ ဒီကစားသမားတွေဟာ ဂရေဟမ် ပေါ်တာ တောင်းဆိုတာထက်တောင် ပိုပြီး ကစားပေးနိုင်ပါတယ် ။ ”

” အခုတော့ ဂရေဟမ် ပေါ်တာဟာ ပွဲထွက်စာရင်းကို လိုတာထက် ပိုပြီး အပြောင်းအလဲ လုပ်နေပြီး ၊ ကူကူရယ်လာကို ခေါ်ခဲ့တာလည်း ငွေဖြုန်းတီးရာပဲ ရောက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR