Amex ကွင်းမှာ ခြင်္သေ့့ပြာတို့ Halloween ခြောက်ခြားစရာတွေ ကြုံခဲ့ရတဲ့ ဘရိုက်တန် ၄ -၁ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းဟာ ဘရိုက်တန် အသင်းကို Amex ဘောလုံးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး ၊ ၄ – ၁ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ် ။ ဒါဟာ ဂရေဟမ် ပေါ်တာ အတွက် အသင်းဟောင်းကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ကြုံတွေ့ခဲ့ရတဲ့ ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ် ။

ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 5 )

ဒဏ်ရာရသွားလို့ ပထမပိုင်းသာ ကစားနိုင်ခဲ့တဲ့ ကီပါ ဟာ မနေ့ည က ပွဲက ပေးခဲ့ရတဲ့ ၃ဂိုးလုံး ကာကွယ်လို့ မဖြစ်နိုင်ခဲ့ပါဘူး ။ ၂ဂိုးက မထင်မှတ်ထားတဲ့ OG သွင်းဂိုး ဖြစ်ပြီး ၊ စောစောစီးစီး ပေးခဲ့ရတဲ့ ထရော့ဆာ့ဒ်ရဲ့ ကန်ချက်က တားဆီးရခက်ခဲ့ပါတယ် ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ( Rating – 4 ) ၊ သီယာဂို ဆေးလ်ဗား ၊ မာ့ခ်ကူကူရယ်လာ ( Rating – 3 )

ဆဲလ်ဇ်ဘာ့ဂ်နဲ့ ပွဲက ၃ယောက်တန်း ခံစစ်ဟာ ဒီပွဲမှာတော့ ပွဲစစချင်းကတည်းက တည်ငြိမ်မှု မရှိပဲ ပြာယာခတ်နေခဲ့ပါတယ် ။ အထူးသဖြင့် ပုံမှန်ဆို တခြား အသင်းဖော်တွေ form ကျနေရင်တောင် ခြေစွမ်းပြနိုင်တဲ့ သီယာဂို ဆေးလ်ဗားဟာ ထူးထူးခြားခြား မဟာ အမှားတွေ ပွဲအစ ၅မိနစ် အတွင်း ဆက်တိုက် ကျူးလွန်ခဲ့ပါတယ် ။

အဖွင့်ပေးဂိုး မတိုင်မီ ယင်းဘရာဇီးသား ဟာ ကိုယ်ပိုင် အမှားကို ပြန်အဖတ်ဆည်တဲ့ အနေနဲ့ ဂိုိုးလိုင်းပေါ်က ရှင်းထုတ်မှု ၂ကြိမ် လုပ်နိုင်ခဲ့ပေမယ့် ၊ အဖွင့်ပေးဂိုးက သူကိုယ်တိုင် ဘောလုံး မှားပေးရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ် ။ ကျန်တဲ့ ပွဲချိန်တွေမှာတော့ ပါးနပ်တဲ့ နေရာယူပုံ ၊ ပိတ်ဆို့မှု အချို့ လုပ်နိုင်ခဲ့ပေမယ့် ၊ အဖွင့်ပေးဂိုးက ချဲလ်ဆီးရဲ့ ယုံကြည်မှုကို ဖျက်ဆီးလိုက်သလို ဖြစ်သွားခဲ့ပါတယ် ။

အလားတူ ဘယ်ခြမ်းက ကူကူရယ်လာဟာလည်း အသင်းဟောင်း ပရိသတ်တွေထံက ခြောက်ခြားစရာကောင်းတဲ့ ကြိုဆိုမှုတွေကြောင့် တချိန်လုံး ဖိအားတွေအောက် ရောက်ခဲ့ရပြီး ၊ ပွဲအပေါ် လုံးဝ အာရုံမစိုက်နိုင်ခဲ့ပါဘူး ။ ဒီအတွက်ကြောင့် ခံစစ် တည်ငြိမ်မှုမှာ ယင်းစပိန်သားလည်း ကူဖော်မရခဲ့ပါဘူး ။

ပထမပိုင်း ပြီးခါနီးမှာ ကိုယ့်ဂိုး ကိုယ်ပြန်သွင်းခဲ့မိတဲ့ ချာလိုဘာကတော့ အစောပိုင်းမှာ ကစားပုံ ကောင်းခဲ့ပေမယ့် ၊ ၂ဂိုးပေးခဲ့ရပြီးတဲ့နောက် အာရုံစူးစိုက်မှု မရှိတော့တာကို တွေ့ရပြီး ၊ ဝေခွဲရ ခက်ခဲ့တဲ့ အနေအထားတွေနဲ့ ကြုံခဲ့ရပါတယ် ။ နောက်ပြီး False wing-back တွေကြောင့် ဒီပွဲမှာ ချဲလ်ဆီး ခံစစ်က ပိုပြီး ဖရိုဖရဲ ဖြစ်သွားခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။

ကွင်းလယ် – ခရစ်တီယန် ပူလီဆစ် ( Rating – 4 ) ၊ လော့ဖ်တပ်စ်ချိခ် ( Rating – 5 ) ၊ မတ်တီယို ကိုဗာဆစ် ( Rating – 6 ) ၊ ရာဟင်း စတာလင် ( Rating – 3 )

ဂရေဟမ် ပေါ်တာရဲ့ False wing-back နည်းစနစ်ဟာ ဒီပွဲမှာ သိသိသာသာ ဖော်ကောင်လုပ်ခံခဲ့ရပြီး ၊ ဘရိုက်တန်က ထို၂နေရာကို အဓိက ထိုးနှက် ကစားသွားခဲ့ပါတယ် ။ ပထမဆုံး အနေနဲ့ စတာလင်ဟာ ဒီ wing-back နေရာနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး ဆိုတာ ပေါ်တာ တယောက် သဘောပေါက်ရတော့မှာ ဖြစ်ပြီး ၊ ၄င်းဟာ ဒီ role ကစားဖို့ ယုံကြည်မှု လုံးဝ ပျောက်ဆုံးနေတာကို တွေ့ရပါတယ် ။

ပူလီဆစ်ကတော့ တူချယ် လက်ထက်မှာ Wing-back နေရာ တခါတလေ ကစားခဲ့ဖူးတာကြောင့် ၊ စတာလင်ထက်တော့ အထာ နည်းနည်း ပိုနပ်ပေမယ့် ၊ ၄င်းလည်း ခံစစ် အတွက် ကူဖော် လုံးဝ မရခဲ့ပါဘူး ။ ဒါ့အပြင် ၂ဂိုး ပေးခဲ့ရအပြီး တိုက်စစ် ပြန်ဆင်တဲ့ နေရာမှာ ရခဲ့တဲ့ အပိုင် အခွင့်အရေးကိုလည်း ဖြုန်းတီးပစ်ခဲ့ပါတယ် ။

ကွင်းလယ် double pivot ကတော့ ဒီပွဲမှာ ဘရိုက်တန် ကွင်းလယ်ကို အတိုင်းအတာ တခု အထိ ယှဉ်နိုင်ခဲ့ပြီး ၊ ၄င်းတို့ကြောင့် အမှားဖြစ်ခဲ့ရတာမျိုးတွေ မရှိခဲ့ပါဘူး ။ ကိုဗာဆစ်ဆိုရင် ဒီပွဲမှာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမားလို့ ဆိုနိုငိပြီး တကိုယ်တော် ကြိုးစား အားထုတ်မှုတွေနဲ့ တိုက်စစ်ကို ပံ့ပိုးနိုင်ဖို့ မကြာခဏ လုပ်ဆောင်ခဲ့ပါတယ် ။

လော့ဖ်တပ်စ်ချိခ်ကတော့ အမြင့်ဘော ယှဉ်လုတဲ့ နေရာမှာ အားသာခဲ့ပြီး ၊ ဒုတိယပိုင်း ညာနောက်ခံလူ အနေနဲ့ ကစားရတဲ့ အချိန် တိုက်စစ်ကို ပိုလိုက်နိုင်ခဲ့ကာ ၊ ဘောလုံး ဖြတ်ပို့မှု အချို့ လုပ်ပေးခဲ့ပါတယ် ။ သို့ပေမယ့် ၄င်းလည်း ခံစစ်ပိုင်း လစ်ဟာမှုတော့ ရှိခဲ့ပါတယ် ။

တိုက်စစ် – ကော်နာ ဂေါ်လဂါ ( Rating – 4 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 6 ) ၊ မေဆင်မောင့် ( Rating – 5 )

၂ – ၀ ဖြစ်ခဲ့တဲ့ ၁၅မိနစ်တာ အချိန်အတွင်း တိုက်စစ် ကစားသမားတွေရဲ့ ကဏ္ဍ ပျောက်ဆုံးခဲ့ပြီး ၊ ထိုနောက်ပိုင်း သွေးပူပူနဲ့ ကစားခဲ့တဲ့ ချဲလ်ဆီး တိုက်စစ် ပြန်ပြီး အသက်ဝင်ခဲ့ပါတယ် ။ အထူးသဖြင့် စတာလင်ရဲ့ ဖန်တီးမှုကို အပိုင် ကန်ခွင့် ရတဲ့ ဂေါ်လဂါသာ မဖြုန်းရင် ချဲလ်ဆီးတို့ စိတ်ဓာတ် ပြန်တက်နိုင်တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ် ။

မောင့်နဲ့ ဂေါ်လဂါတို့ ၂ဦးလုံး လုပ်အားနှုန်း ကောင်းခဲ့ပေမယ့် ၊ အဆုံးအဖြတ် အခိုက်အတန့်တွေမှာ တွေဝေနေတာကို တွေ့ခဲ့ရပါတယ် ။ အထောင်တိုက်စစ် ပြန်ရောက်သွားတဲ့ ဟာဗက်ဇ်ကတော့ ဒုတိယပိုင်း စစချင်း သူ့တာဝန် သူကျေပွန်ခဲ့ပါတယ် ။ သို့ပေမယ့်လည်း ပွဲပြီးခါနီး ရခဲ့တဲ့ အပိုင် အခွင့်အရေးကို အရှိန် ထည့်ကန်ပြီး ဖြုန်းတီးပစ်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – အက်ဒိုဝါ့ဒ် မန်ဒီ ၊ ဘန်ချေဝဲလ် ( Rating – 6 ) ၊ ပီယာအမ်းမရစ် အူဘားမီးယန်း ( Rating – 5 ) ၊ အာမန်ဒို ဘရိုဂျာ ၊ ဟာကင် ဇီယက်ခ်ျ ( N/A )

ပေါ်တာလက်ထက် ပထမဆုံး ကစားခွင့် ရခဲ့တဲ့ မန်ဒီဟာ ဘောလုံး ပေးပို့ပုံ အနည်းငယ် မှားယွင်းမှုတွေ ရှိခဲ့ပေမယ့် ၊ လက်စွမ်းပြ ကာကွယ်မှု အချို့ လုပ်ပြခဲ့ကာ ၊ နာကျင်အချိန်ပိုမှာတော့ ကံဆိုးစွာနဲ့ တဂိုး ပေးခဲ့ရပါတယ် ။ ချေဝဲလ်ကတော့ ဘယ်ခြမ်းက ဖြတ်တင်ဘော အချို့ စွမ်းဆောင်ပေးခဲ့ပါတယ် ။ အူဘားမီးယန်းကတော့ အဝေးကန်ချက်ကောင်း တကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။

SPORTS MYANMAR