အဲရစ်ဆင် အတွက် ယူရို ၃ သန်း ရခဲ့တဲ့ အင်တာမီလန်

အီတလီ စီးရီးအေ ကလပ် အင်တာမီလန် ဟာ ဒိန်းမတ် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် အတွက် UEFA ထံကနေ ယူရို ၃ သန်း ကို နစ်နာကြေး အဖြစ် ရရှိခဲ့ ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ ကစားနေတဲ့ အဲရစ်ဆင် ဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လ တုန်းက ကျင်းပ ခဲ့တဲ့ ယူရို ပြိုင်ပွဲမှာ နှလုံးဖောက်ပြီး ကွင်းအတွင်း လဲကျ ခဲ့သူ ဖြစ်ပါတယ် ။

အဲရစ်ဆင် ဟာ အသက်ဘေး နဲ့ အလွန်နီးစပ် ခဲ့ပြီး ပြုစုကုသပေးမှုတွေကြောင့် ပြန်လည် သက်သာ လာပေမယ့် အချိန်အတန်ကြာ ဘောလုံး မကစားနိုင်ခဲ့ ပါဘူး ။

နောက်ဆုံးမှာတော့ စပါး ကွင်းလယ်လူဟောင်း ဟာ နှလုံးမှာ စက်တပ်ဆင်ပြီး ဘောလုံးကွင်းထဲကို ပြန်လည် ခြေချ ခဲ့ပါတယ် ။

ဒါပေမယ့် အင်တာမီလန် နဲ့ ခရီးမဆက်နိုင်ခဲ့ ပါဘူး ။ အီတလီ ဘောလုံးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ အရ အဲရစ်ဆင် ကို ဘောလုံး ကစားခွင့်မပြု နိုင်တာကြောင့် အင်တာ နဲ့ အဲရစ်ဆင်တို့ စာချုပ် ဖျက်သိမ်းခဲ့ရ ပါတယ် ။

အဲရစ်ဆင် ဟာ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖိုဒ့် ဆီ ပြောင်းရွှေ့ပြီး ရာသီဝက် ကစားခဲ့ကာ အခု ရာသီ အစမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အလွတ်နဲ့ ရောက်ရှိ လာခဲ့ ပါတယ် ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဟာ လက်ရွေးစင် အသင်း ပွဲတွေ ကစားစဉ် အတွင်း ထိခိုက် ဒဏ်ရာ ရရှိမှု အတွက် သက်ဆိုင်ရာ ကလပ်တွေကို နစ်နာကြေး ပေးအပ်လေ့ ရှိပြီး အဲရစ်ဆင် နှလုံးဖောက်ချိန်မှာ ကစားသမား အဖြစ် မှတ်ပုံတင် ထားတဲ့ အင်တာမီလန် ဟာ ယူရို ၃ သန်း နစ်နာကြေးကို လက်ခံ ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

အင်တာမီလန် ဟာ ရိုမီရို လူကာကူ ကို ချဲလ်ဆီး ကနေ ပြန်လည် ခေါ်ယူရာမှာလည်း ယူရို ၁၀ သန်းအောက်သာ ပေးချေ ခဲ့ရတယ်လို့ ထုတ်ပြန်သွားခဲ့ ပါတယ် ။

အင်တာ ဟာ လူကာကူ ကို ပေါင် သန်း ၁၀၀ နီးပါး နဲ့ ချဲလ်ဆီး အသင်းထံ ပြီးခဲ့တဲ့ ရာသီမစတင်က ရောင်းချ ခဲ့တာပါ ။ ဒါပေမယ့် လူကာကူ ဟာ ချဲလ်ဆီး နောက်တခေါက် အပြန်ခရီးမှာ မချောမွေ့ ခဲ့ဘဲ အခုရာသီမှာတော့ အင်တာမီလန် ထံ အငှားနဲ့ ပြန်လည် ရောက်ရှိ လာခဲ့ ပါတယ် ။

အင်တာမီလန် ပိုင်ရှင် ဆန်းနင်း လုပ်ငန်းစု နဲ့ ဥက္ကဌ စတီဗင် ဇန် တို့ကတော့ လူကာကူ ကို အပြီးသတ် ဝယ်ယူဖို့ မဆုံးဖြတ်ရ သေးဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ဒါ့အပြင် အင်တာ ဟာ အမေရီကန် လုပ်ငန်းရှင်တွေ ရဲ့ အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းချက် ကိုလည်း ပယ်ချ ခဲ့တယ်လို့ သိရှိရ ပါတယ် ။

အင်တာမီလန် ဟာ မနေ့ညက စီးရီးအေ ပွဲမှာ ဆမ့်ဒိုးရီးယား အသင်းကို အနိုင် ကစားပြီး ဥရောပ ဝင်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင် နိုင်ခဲ့ ပါတယ် ။ စတီဖန် ဒီဗာ့ဂျ် ၊ နီကိုလို ဘာရယ်လာ နဲ့ ဟွာကွင်း ကော်ရီယာ တို့ ဟာ အင်တာ အတွက် ၁ ဂိုးစီ သွင်းပေး ခဲ့ကြပြီး နည်းပြ ဆီးမြွန်းနီ အင်ဇာဂီ ကတော့ အာဂျင်တီးနား တောင်ပံ ကစားသမားလေး ကော်ရီယာ ကို အထူး ချီးကျုး သွားခဲ့ ပါတယ် ။

လက်ရှိမှာတော့ အင်တာမီလန် ဟာ စီးရီးအေ အမှတ်ပေး ဇယားမှာ ၂၄ မှတ် ရရှိ ထားပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ် ။ အဆင့် ၁ က နာပိုလီ နဲ့ ၈ မှတ် ကွာဟ နေပြီး ကမ္ဘာ့ဖလား မတိုင်ခင်မှာ ယူဗင်တပ် ၊ ဘိုလော့ညာ ၊ အတ္တလန်တာ တို့လို အသင်းကောင်းတွေနဲ့ ပွဲကြပ်တွေကို ဆက်တိုက် ကစားသွားရမှာပါ ။

လာမယ့် ကြားရက်မှာတော့ အင်တာ ဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ဘိုင်ယန်မြုးနစ် နဲ့ ကစားဖို့ ရှိနေပေမယ့် နောက်တဆင့် တက်ပြီး ဖြစ်တာကြောင့် အရေးပါတဲ့ ပွဲ ဖြစ်လာတော့မှာ မဟုတ်ပါဘူး ။

 

SPORTS MYANMAR