သူ့ကို boo လုပ်ခဲ့တဲ့ ဘရိုက်တန် ပရိသတ်တွေကို အချက်အလက်ကျကျ ထိုးနှက်လိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နည်းပြသစ် ရောဘတ်တို ဒီဇာဘီ လက်ထက် နိုင်ပွဲ မရသေးတဲ့ ဘရိုက်တန်ကို ၄ – ၁ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ကာ ၊ ၃မှတ် လွယ်လွယ်ကူကူ လှူပေးခဲ့ပါတယ် ။

ဒီပွဲဟာ လက်ရှိ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာနဲ့ ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာတို့ အတွက် အိမ်ပြန်ခရီး ဖြစ်ပေမယ့် ၊ ခရီးက ထင်ထားထက်တောင် ပိုပြီး ဆိုးခဲ့ပါတယ် ။ ၂ဦးလုံးဟာ ပွဲမစခင်ကတည်းက Amex ဘောလုံးကွင်း အတွင်း ဘရိုက်တန် ပရိသတ်တွေဆီက ဆူဆူညံညံ boo လုပ်ခံခဲ့ရပါတယ် ။

အထူးသဖြင့် ကူကူရယ်လာဆိုရင် ဘောလုံးထိတဲ့ အခါတိုင်း ၊ ဘောလုံး ကိုင်ထားတဲ့ အခါတိုင်း boo လုပ်ခံရတာကြောင့် ဖိအားတွေအောက် ရောက်ခဲ့ရကာ ၊ ပွဲအပေါ် အာရုံစိုက်နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါ့အပြင် ၁၅မိနစ် အတွင်း ၂ဂိုး ပေးခဲ့ရတာကြောင့် အသင်းကပါ နာလန်ထူနိုင်ဖို့ အထူး ရုန်းကန်ခဲ့ရပါတယ် ။

ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂရေဟမ် ပေါ်တာ က သူ့မှာ ဘရိုက်တန် ပရိသတ်တွေထံ ဘာတောင်းပန်စရာမှ မရှိကြောင်း တုန့်ပြန်ရင်း ၊ ဘရိုက်တန်ဟာ သူ မရောက်ခင်တုန်းက အခြေအနေ အရမ်းဆိုးခဲ့ပြီး ၊ အခုအခါမှာမှ လူတလုံး သူတလုံး ဖြစ်လာတဲ့ အကြောင်း အချက်အလက်ကျကျ ထိုးနှက်ခဲ့ပါတယ် ။

ပေါ်တာ က ” ကျွန်တော့မှာ ဘာတောင်းပန်စကားမှ ပြောစရာမရှိပါဘူး ။ ကျွန်တော် အဲဒီမှာ ကောင်းကောင်း စွမ်းဆောင်ပေးခဲ့ပါတယ် ။ အခုအချိန်မှာ သူတို့ အသင်းကောင်း တသင်း ဖြစ်နေပြီ ဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ် ။ ”

” ကျွန်တော် သူတို့ အသင်းကို စတင် ကိုင်တွယ်ခဲ့တုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးက ရေရင် အဆင့် ၄မှာ ရှိနေခဲ့တာပါ ။ တလိဂ်လုံးမှာဆို တတိယမြောက် အဆိုးရွားဆုံး အသင်းတောင် ဖြစ်ခဲ့လောက်ပါတယ် ။ ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ ကစားသမားတွေကို ရောင်းချခဲ့ရတဲ့ ငွေကြေးတွေ အများကြီးပါ ။ ”

” အခုဆို သူတို့ဟာ ကစားသမားကောင်း အများကြီး ပိုင်ဆိုင်နေပါပြီ ။ အသစ် ရောက်လာတဲ့ မန်နေဂျာ သူတို့မှာ အဆင်ပြေ အောင်မြင်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပေါ်တာ က မနေ့က ပွဲမှ ချဲလ်ဆီး အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ” ပွဲရလဒ်ကြောင့် ဒီနေ့ ရှုံးပွဲဟာ ပိုပြီး နာကျင်စရာ ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ တကယ် ပြန်ပြီး နာလန်မထူနိုင်ခဲ့ပါဘူး ။ ပရိသတ်ထုက ပေါက်ကွဲ အားပေးတာနဲ့ တပြိုင်နက် ကျွန်တော်တို့ အတွက် ပွဲကို ထိန်းချုပ်ဖို့က ပိုပြီး ခက်ခဲခဲ့ပါတယ် ။ ဘရိုက်တန်က ကစားပုံ အရမ်းကောင်းခဲ့ပါတယ် ။ အထူးသဖြင့် ပထမပိုင်းမှာပါ ။ ”

” ပေးခဲ့ရတဲ့ ဂိုးတွေကို ကြည့်ပြီး ၊ တချို့နေရာတွေမှာ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တာတော့ မှန်ပါတယ် ။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ဒီထက် တာဝန်ယူနိုင်စွမ်း ပြသဖို့ ကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့ ဘောလုံး အများကြီး ကိုင်ခွင့် ရခဲ့ပြီး ၊ ဒီနေ့ ရှုံးပွဲ အတွက် ဘာဆင်ခြေမှ ပေးစရာ မရှိပါဘူး ။ ”

” ပုံမှန် ခြေစွမ်း အဆင့်အတန်းမှာ ကျွန်တော်တို့ မရှိခဲ့ဘူး ၊ အခွင့်အရေး ရတဲ့ အချိန် ကျွန်တော်တို့ ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ပါဘူး ။ တခြားသော အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်လုနီးနီး ဖြစ်ခဲ့ပါတယ် ။ သို့ပေမယ့် ကံဆိုးစွာနဲ့ final pass မရောက်တာ ၊ နားလည်မှု လွဲခဲ့တာတွေကြောင့် ပျက်ပြယ်ခဲ့ရပါတယ် ။ ရှုံးတဲ့အခါမှာတော့ ခင်ဗျား အမြဲ ပိုကောင်းအောင် လုပ်သင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR