‘သူတို့ ပြန်လည်ဗိုလ်ကျခံနေရပြီ’ – လိဒ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ လီဗာပူးရဲ့ အဓိက ပြသနာကြီးကို ထောက်ပြလိုက်တဲ့ ဂရေမီဆူးနက်

ဂရေမီဆူးနက်ဟာ မနေ့ညက လိဒ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးကို ဝေဖန်သွားခဲ့ပါတယ်။ လီဗာပူးရဲ့ ရာသီအစ တာထွက်ဆိုးနေမှုဟာ လက်ရှိအချိန်ထိ ဆိုးနေခဲ့ပြီး ကလော့ရဲ့ အသင်းဟာ ဆမ်မာဗယ်လီရဲ့ နောက်ကျဂိုးနဲ့ လိဒ်ကို အန်ဖီးမှာ ၂-၁ နဲ့ ရှုံးကာ ဒီရာသီ ၄ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒါဟာ ၁၉ လအတွင်း ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲလည်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဆိုးရွားတဲ့ညကတော့ ဂိုးမက်ဇ်ရဲ့ အမှားကနေ စတင်ခဲ့ပြီး ရိုဒရီဂိုက ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဆာလားက သိပ်မကြာမီ ပြန်လည် ချေပခဲ့ပေမယ့်လည်း ပထမပိုင်းမှာ အကောင်းဆုံး အခွင့်အရေးတွေ ရခဲ့တာက လိဒ်ပဲ ဖြစ်ပြီး တစ်ကြိမ် တိုင်ထိကာ တစ်ကြိမ်ကို အလီဆွန်က လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးတို့ အခွင့်အရေးတွေ ပိုမို ဖန်တီးခဲ့ကာ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် မယ်လီယာက လက်စွမ်းပြခဲ့ပြီး ၈၉ မိနစ်မှာ လိဒ်က လီဗာပူးရဲ့ ခံစစ်အားနည်းချက်ကို အခွင်းကောင်းယူကာ အနိုင်ဂိုး ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ဂျယ်စီမက်ခ်ျရဲ့ အသင်းဟာ တန်းဆင်းဇုန်ကနေ ရုန်းထွက်လာနိုင်ခဲ့ပြီး လီဗာပူးကတော့ ၁၂ ပွဲကစားပြီးချိန်မှာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ ၈ မှတ်အကွာကို ရောက်နေခဲ့ပါတယ်။ ဒီပွဲစဉ်အပြီးမှာ ဂရေမီဆူးနက်က ကလော့ရဲ့ အသင်းဟာ လက်ရှိမှာ ပြိုင်ဘက်အသင်းတွေရဲ့ အနိုင်ကျင့်မှုကို ပြန်လည် ခံနေရပြီလို့ ပြောသွားခဲ့ပြီး အသင်းရဲ့ အဓိက ပြသာနာကြီးကို ထောက်ပြလိုက်ပါတယ်။

ဆူးနက်က “လီဗာပူးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အသင်းနဲ့ အများကြီးကို ကွာခြားသွားခဲ့ပါတယ်။ ကဏ္ဍတော်တော်များများမှာ လိဒ်ဟာ လီဗာပူးကို ယှဉ်ပြိုင်နိုင်ခဲ့တာထက်ကို ပိုမိုခဲ့ပါတယ်။ လိဒ်ဟာ လီဗာပူးကို ကလော့ရဲ့ အသင်း ပြီးခဲ့တဲ့ နှစ်တွေက အခြားအသင်းတွေကို လုပ်ပြခဲ့သလိုမျိုး လုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ အရင်တုန်းက ပြိုင်ဘက်တွေကို အနိုင်ကျင့် ကစားခဲ့ကာ သူတို့ရဲ့ ကွင်းလယ်ကလည်း အသင်းတွေကို ကောင်းကောင်း ဗိုလ်ကျခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ပြန်လည် ဗိုလ်ကျမှုကို ခံနေရပါတယ်။

ကွင်းလယ်ပိုင်းရဲ့ အားနည်းချက်ဟာ နောက်တန်းကို အားနည်းစေခဲ့တဲ့ အပြင် သူတို့ဟာ တိုက်စစ်ပိုင်းမှာလည်း အရင်ကလိုမျိုး အခွင့်အရေးတွေ မဖန်တီးနိုင်တော့ပါဘူး။ လီဗာပူးဟာ အရင်တုန်းက အသင်းရဲ့ အရိပ်လိုမျိုး ဖြစ်နေပါတယ်။ လီဗာပူးဟာ နိုင်ပွဲရဖို့ အတွက် လုံလောက်တဲ့ အခွင့်အရေးတွေတော့ ရနေဆဲပါ။ ဒါပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ ငါးနှစ် အတွင်း ကျွန်တော်တို့ မြင်တွေ့လာခဲ့တဲ့ လီဗာပူး လိုမျိုးတော့ မဟုတ်တော့ပါဘူး။ သူတို့ဟာ အရင်ကလိုမျိုး intensity နဲ့ မကစားနိုင်တော့တဲ့ အပြင် ဒီလိုမျိုး ကစားဖို့ အတွက် လုံလောက်တဲ့ စွမ်းအင်တွေလည်း မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဆူးနက်က ရှေ့ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျှောက် ဆိုးနေခဲ့တဲ့ ဂျယ်စီမတ်ခ်ျ အသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။

ဆူးနက်က “လိဒ်ဟာ ဖိအားတွေအောက် ကျရောက်နေခဲ့တဲ့ အသင်းပါ။ သူတို့ဟာ ဒီညမှာ ငယ်ရွယ်တဲ့ အသင်းနဲ့ မကစားချင်ခဲ့ပါဘူး။ ပထမဂိုးမှာ သူတို့ ကံကောင်းခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီအမှားဟာ လီဗာပူးတို့ ရှုံးနိမ့်ခဲ့တဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ လိဒ်ဟာ ဒီပွဲမှာ လီဗာပူးထက် ပိုမို ပြေးလွှားကစားခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ခြားနားချက်ပါ။

လီဗာပူးရဲ့ ကွင်းလယ်ကို ကြည့်လိုက်ပါ။ တီယာဂိုက ၃၁ ၊ ဟန်ဒါဆန်က ၃၁ နဲ့ ဖာဘင်ညိုက ၂၉ ပါ။ အဲဒီနောက် ကီတာ ချိန်ဘာလိန်နဲ့ ကာတစ်ဂျုံး ၁၉ နှစ် ၊ အယ်လီယော့ ၁၉ နှစ် တို့လို ကစားသမားတွေပဲ ရှိပါတယ်။

ရာသီမစခင်မှာ ကလော့ အနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကို ကြည့်ကာ ‘ငါတို့ ဒီအပိုင်းမှာ အားနည်းနေတာပဲ’ လို့ မြင်ခဲ့သင့်ပါတယ်။ ကျွန်တော် ကတော့ သူတို့ရဲ့ ကွင်းလယ်ဟာ အရင်ကလိုမျိုး ဆုဖလားတွေ ရယူပေးနိုင်တဲ့ ကွင်းလယ် မဟုတ်တော့ဘူးလို့ ကျွန်တော် ခံစားမိနေပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM