လိဒ်ကို အန်ဖီးမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးရဲ့ ပြဿနာတွေကို ချပြသွားခဲ့တဲ့ ကလော့

 

လိဒ်ယူနိုက်တက်ကို အန်ဖီးမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယာဂန်ကလော့က သူ့ရဲ့ ရုန်းကန်နေရတဲ့ အသင်းဟာ ဂိုးရှေ့မှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ကောင်းစွာ အဆုံးမသတ်နိုင်ဘူးလို့ ညီးတွားသွားခဲ့ပါတယ်။ ဆမ်မာဗယ်လီရဲ့ နောက်ကျ အနိ်ုင်ဂိုးနဲ့ အတူ လိဒ်ဟာ အနိုင် ၃ မှတ်ကို ရယူသွားခဲ့ပြီး လီဗာပူးကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို တွန်းပို့ခဲ့ပါတယ်။

လီဗာပူးဟာ အခုဆိုရင် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရှိနေပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၁၃ မှတ်ထိ ကွာဟနေသလို အဆင့် ၄ နေရာက နယူးကာဆယ်နဲ့လည်း ၈ မှတ် ကွာဟနေပါတယ်။

ဒီပွဲစဉ်အပြီးမှာ ကလော့က “ဒါဟာ နောက်ထပ် set-back တစ်ခုဆိုတာ အသေအချာပါပဲ။ ကျွန်တော်တို့ ပွဲအစပိုင်း တကယ်ကောင်းခဲ့ပေမယ့် ထူးဆန်းလှတဲ့ ဂိုးကို ပေးခဲ့ရပါတယ်။ ကျွန်တော်တို့ ချေပဂိုး အမြန် ရယူနိုင်ခဲ့ပေမယ့် တစ်ချို့ အကြောင်းရင်းတွေကြောင့် ဒါဟာ လုံခြုံမှုကို မပေးနိုင်ခဲ့ပါဘူး။

ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘောလုံးပျက်တာတွေကလည်း များလွန်းခဲ့ပါတယ်။ ကောင်လေးတွေ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ပွဲပြီးခါနီးထိ ၁-၁ ပဲ ဖြစ်နေခဲ့ပါတယ်။

သူတို့ကို ပေးလိုက်ရတဲ့ ဒုတိယဂိုးမှာ ကျွန်တော်တို့ရဲ့ ခံစစ်ကစားပုံက အတော်လေး မှားခဲ့ပါတယ်။ ပင်နယ်တီ ဧရိယာထဲမှာ 2v1 ဖြစ်သွားခဲ့ကာ သူတို့က ဒါကို အဆုံးသတ်ခဲ့ပါတယ်။ ပြသနာက ကျွန်တော်တို့ဟာ ဒီအချိန်မှာ ဒါမျိုး ပွဲတွေကို ထိန်းချုပ် မကစားနိုင်တာပါပဲ။” လို့ ဆိုလိုက်ပါတယ်။

လိဒ်ဟာ ဂိုးမက်ဇ်ရဲ့ အမှားကနေ ရိုဒရီဂို သွင်းယူခဲ့တဲ့ ဂိုးနဲ့ ပွဲအစ ၄ မိနစ်မှာ ဦးဆောင်ခဲ့ပြီး ဆာလားက ရောဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို အဆုံးသတ်ကာ ချေပဂိုး ရယူပေးခဲ့ပါတယ်။ လိဒ်ဂိုးသမား မယ်လီယာဟာ ဒီပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၉ ကြိမ်ထိ ပြုလုပ်ကာ လီဗာပူးရဲ့ တိုက်စစ်ကို တားဆီးပေးခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာတော့ ဆယ်မာဗယ်လီက အနိုင်ဂိုး သွင်းယူသွားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကလော့ “တစ်ချို့ ကစားသမားတွေဟာ လိုတာထက်ပိုပြီး ကစားခဲ့ပါတယ်။ ဟာဗေး (အယ်လီယော့) ဟာ ဒီရာသီမှာ အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ပေမယ့် ဒီပွဲမှာ ဒီလို မကစားနိ်ုင်ခဲ့ပါဘူး။ တီယာဂိုကလည်း ဖျားနေခဲ့သူပါ။ တိုက်စစ်ပိုင်းကလည်း ဒီလူတွေပဲ တောက်လျှောက် ကစားနေခဲ့ရတာပါ။ ဒါဟာ ကျွန်တော်တို့မှာ နောက်ဆုံးကျန်တဲ့ တိုက်စစ်မှုးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲ၀င်သွားရမှာပါ။” လို့ ပြောသွားပါတယ်။

ဆိုးရွားနေတဲ့ တာထွက်ကနေ လီဗာပူးတို့ ဘယ်လို ရုန်းထွက်သွားမလဲ ဆိုတဲ့ အပေါ် လီဗာပူး နည်းပြက “ကျွန်တော်တို့ ကိုယ့်ရဲ့ အရည်အသွေးကို ကွင်းထဲ သယ်ဆောင်လာရမှာပါ။ ကျွန်တော်တို့ဟာ ဒီရာသီ စကတည်းက ပြသနာတွေနဲ့ပါ။ တာထွက်ကတည်းက ၃ ရက် တစ်ပွဲနှုန်း ကစားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် ပြင်းထန်တဲ့ ရာသီ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ဒဏ်ရာပြသနာတွေက ရှိနေလို့ပါ။ ဒါ့ကြောင့် တစ်ချို့ ကစားသမားတွေကို အသင့် မဖြစ်သေးချိန်မှာ စောပြီး ကန်ခိုင်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကာလကို တိ်ုက်ပွဲ၀င်ကာ ကျော်ဖြတ်သွားမှာပါ။ ဒီအချိန်မှာ အရာတော်တော်များများဟာ ကိုယ်မဟုတ်သလိုပါပဲ။ ကျွန်တော်တို့ ဖြေရှင်းချက်တွေကို အသေအချာ ရှာဖွေသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM