မနေ့ညကပွဲရလဒ်များ ၊ တောင်အမေရိကချန်ပီယံ ၊ အပြောင်းအရွှေ့အကြောင်းတွေနဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ စီးတီး ဟာ အဝေးကွင်းမှာ လက်စတာ စီးတီး ကို အနိုင် ယူပြီး အဆင့် ၁ နေရာကို တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

စီးတီး မှာ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း မပါဝင် နိုင်ခဲ့ပေမယ့် ကယ်ဗင် ဒီဘရိုင်းနား က ဖရီးကစ် ကနေ လှလှပပ ကန်သွင်းကာ အနိုင် ၃ မှတ်ကို ယူဆောင်ပေးခဲ့ ပါတယ် ။

နယူးကာဆယ် ကတော့ အိမ်ကွင်းမှာ အက်စတွန် ဗီလာ ကို ၄ ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။ တိုက်စစ်မှူး ကလမ် ဝီလ်ဆင် ၂ ဂိုးသွင်းခဲ့သလို ဒီရာသီမှာ ခြေစွမ်းပြ နေတဲ့ မီဂွယ် အယ်မီရွန် ကလည်း ဂိုးရခဲ့ ပါတယ် ။

လန်ဒန် ကလပ် ၂ သင်းရဲ့ အခြေအနေကတော့ မတူညီခဲ့ ပါတယ် ။ တော့တင်ဟမ် ဟော့စပါး ဟာ ဘုန်းမောက် ကွင်းမှာ အိမ်ရှင် ရဲ့ ဦးဆောင်မှု ကို ၂ ကြိမ်တိုင် ချေပ ခဲ့ပြီး မိနစ် ၉၀ အလွန်မှာ ဘန်တန်ကာ ရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ ပါတယ် ။

ချဲလ်ဆီး ကတော့ နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ အသင်းဟောင်း ဘရိုက်တန် နဲ့ ရင်ဆိုင် အတွေ့မှာ ပေါ်တာ လက်ထက် ပထမဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ သွားခဲ့ရ ပါတယ် ။

ချဲလ်ဆီး ကစားသမားတွေဟာ Own Goal ၂ ကြိမ် သွင်းခံ ခဲ့ရပြီး ဘရိုက်တန် ကို ၄-၁ ရလဒ်နဲ့ ရှုံးနိမ့် ခဲ့တာပဲ ဖြစ်ပါတယ် ။

စနေညနက်ပိုင်းမှာ ကစားခဲ့တဲ့ လီဗာပူး ပွဲမှာလည်း ဂျာဂင်ကလော့ ရဲ့ အသင်းဟာ လိဒ် ယူနိုက်တက် ကို အန်ဖီးလ် မှာ ရှုံးနိမ့်ခဲ့ ပါတယ် ။ ဒါဟာ ဗာဂျယ် ဗန်ဒိုက် ကို လီဗာပူးထံ ပြောင်းရွှေ့လာ အပြီးမှာ ပထမဆုံး အိမ်ကွင်း ရှုံးပွဲကို ကြုံတွေ့ စေခဲ့တာ ဖြစ်ပြီး အန်ဖိးလ် မှာ ပွဲပေါင် ၇၀ ဆက်တိုက် ရှုံးနိမ့်မထားတဲ့ မှတ်တမ်း ကောင်းဟာ ရပ်တန့် သွားခဲ့ရပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ဟာ ဗလင်စီယာ အသင်းနဲ့ ဂိုးမရှိ သရေကျ နေပြီး နာကျင်အချိန်ပို ရောက်မှ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကတော့ အဝေးကွင်းမှာ ၃-၂ နဲ့ ရှုံးပွဲ ကြုံခဲ့ရ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း မှာ PSG တို့ နိုင်ပွဲဆက်ခဲ့ပြီး မက်ဆီ ၊ နေမာ ၊ ဘာပေ တို့ ၃ ယောက်စလုံးလည်း ဂိုးပေါက် တွေ့ခဲ့ပါတယ် ။ အခုဆိုရင် သူတို့ ၃ ယောက် ရဲ့ လိဂ်သွင်းဂိုးဟာ ၂၈ ဂိုးအထိ ရှိလာပြီး ဂိုးသွင်း ဘုရင်ဇယား မှာ ဘာပေ နဲ့ နေမာ တို့ အပြိုင် ရပ်တည်နေကြပါတယ် ။

ဖန်တီးမှု ဇယားမှာလည်း မက်ဆီ က ၁၀ ကြိမ် နဲ့ အများဆုံး အဖြစ် ရပ်တည်နေပြီး နေမာ က ၈ ကြိမ် နဲ့ နောက်ကနေ လိုက်ပါနေပါတယ် ။

ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ဟာ အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက် သွင်းပြီး အနိုင်ရခဲ့ ပါတယ် ။ ဒေါ့မွန် ကလည်း ဖရန့်ဖတ် ကို ၂-၁ နဲ့ နိုင်ခဲ့ပြီး ဂျုဒ် ဘယ်လင်ဂမ် ဂိုးထပ်သွင်း နိုင်ခဲ့ပြန်ပါတယ် ။

တောင်အမေရိက ရဲ့ ချန်ပီယံလိဂ် လို့ သတ်မှတ် ထားတဲ့ ကိုပါလေဘာတာဒိုးစ် ဗိုလ်လုပွဲ မှာတော့ ဘရာဇီး ကလပ် ဖလာမန်ဂို ဟာ အက်သလက်တီကို ပါရာနန်စီ အသင်းကို တိုက်စစ်မှူး ဂါဘီဂိုး ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရကာ ချန်ပီယံ အဖြစ် ဗိုလ်စွဲ သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ဟာ အသင်းအတွက် ဂိုးတွေ သွင်းပေး နေတဲ့ တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင် ကို ချီးကျုးစကား ဆိုခဲ့ပြီး အင်္ဂလန် လက်ရွေးစင်မှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ ထောက်ခံ ပြောဆို ပေးခဲ့ ပါတယ် ။ ဝီလ်ဆင် ဟာ အင်္ဂလန် အသင်းမှာ ၄ ကြိမ်သာ ပါဝင်ခဲ့ဖူးပြီး ၂၀၁၉ တုန်းက နောက်ဆုံး ကစားခဲ့ရတာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် မှာ နေရာမရ ဖြစ်နေတဲ့ နယ်သာလန် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ကို စပိန် ကလပ် ဗလင်စီယာ က ဇန်နဝါရီ မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

ဒါပေမယ့် စပိန် ကလပ် ဟာ ဗန်ဒီဘိ ရဲ့ တပတ်လုပ်ခ ပေါင် ၁ သိန်းကို ပေးချေဖို့ အဆင်မပြေ ဖြစ်နေတာကြောင့် လုပ်ခ လျော့ယူပေးဖို့ လိုအပ်မယ်လို့ သိရ ပါတယ် ။

ယူကရိန်း ကလပ် ရှက်တာဒိုးနက် ဟာ အာဆင်နယ် အပါအဝင် ဥရောပ အသင်းတွေက စိတ်ဝင်စား နေတဲ့ Mudryk ရဲ့ ဈေးနှုန်း ကို ပေါင် သန်း ၈၀ ကျော် အထိ သတ်မှတ် လိုက်တယ်လို့ ကြားသိရ ပါတယ် ။

ရှက်တာ ဥက္ကဌ ကတော့ ၂၁ နှစ် အရွယ် ကစားသမားလေး ဟာ ခီလီယံ အမ်ဘာပေ ၊ ဗီနီဆီယပ် ဂျူနီယာ တို့လို အလားအလာ ရှိသူလို့ ချီးကျုး ပြောဆို ထားပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ ဝင်ဘယ်ဒမ် အသင်းမှာ ကစားနေတဲ့ လူငယ်လေး အလ်ဖီ ဘန်ဒဲလ် ကို ကင်းထောက် လေ့လာ နေပြီး ဆွမ်းဆိ ၊ ဝက်ဖိုဒ့် တို့ကလည်း လူငယ်လေး ကို စောင့်ကြည့်နေတယ်လို့ သိရှိရ ပါတယ် ။

အင်တာမီလန် အသင်းဟာ တိုက်စစ်မှူး လူကာကူ ကို အငှား ခေါ်ယူမှု အတွက် ချဲလ်ဆီး ကို ပေါင် ၆.၇ သန်း သာ ပေးချေ ရတယ်လို့ အတည်ပြု သွားခဲ့ ပါတယ် ။ ချဲလ်ဆီး ဟာ လူကာကူ ကို အင်တာ ကနေ ပေါင် သန်း ၁၀၀ နီးပါး နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး တရာသီအကြာမှာ အင်တာမီလန် ထံ ပြန်လည် စေလွှတ် ခဲ့ရတာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်ထိတော့ အင်တာ ဟာ လူကာကူ ကို အပြီးသတ် ဝယ်ယူဖို့ မဆုံးဖြတ်ရ သေးဘူးလို့ သိရှိရ ပါတယ် ။

လီဗာပူး ထံ ယူဗင်တပ် ကနေ ပြောင်းလာတဲ့ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လို ရဲ့ ဒဏ်ရာ အခြေအနေ ဟာ ထင်ထားတာထက် ပိုမို ပြင်းထန်တယ်လို့ သိရပါတယ် ။

ဒါပေမယ့် နည်းပြကြီး ကလော့ ကတော့ မယ်လို ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ အစီအစဉ် မရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် ဒါရိုက်တာ ဆာလီဟာမစ်ဇစ် က လာမယ့် ၂၀၂၃ ဇွန်မှာ စာချုပ်ပြည့်မယ့် တိုက်စစ်မှူး ချူပိုမိုတင်း ကို အသင်းမှာ ဆက်လက် တွေ့မြင်လိုကြောင်း ပြောဆိုခဲ့ပြီး စာချုပ်သစ် ကမ်းလှမ်းဖို့ စိတ်ကူး နေကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဒုဥက္ကဌ နက်ဗက် ကလည်း အသင်းရဲ့ အခြေအနေတွေ ဆိုးရွား နေပေမယ့် နည်းပြ အယ်လီဂရီ ကို ထုတ်ပယ်ပြီး အန်တိုနီယို ကွန်တီ နဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ၊ အယ်လီဂရီ အပေါ်သာ အပြည့်အ၀ ယုံကြည် ပေးထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR