ဘရိုက်တန်နဲ့ ပွဲက ဂရေဟမ် ပေါ်တာရဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးကို အသုံးပြုပုံနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်တဲ့ အီယန်ရိုက်

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ ၄ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ၊ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ရရှိထားတဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိပါဘူး ။

္ဒီပွဲမှာ ဂရေဟမ် ပေါ်တာဟာ ကြားရက်က ဆဲလ်ဇ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ က ပွဲထွက်စာရင်းကို ကစားသမား အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပေမယ့် ၊ False wing-back ၂ဦး ထားသုံးတဲ့ နည်းစနစ်ကိုတော့ မပြောင်းလဲခဲ့ပါဘူး ။

ဆဲလ်ဇ်ဘာ့ဂ်ကို အနိုင်ရကာ အုပ်စုဗိုလ်နဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်သွားတာ မှန်ပေမယ့် ၊ ထိုပွဲမှာကတည်းက False wing-back နည်းစနစ် ဟာ အမှားများခဲ့တာကို တွေ့ရပါတယ် ။ မနေ့ညက ဂိုးပြတ် အရှုံးရလဒ်ကတော့ ပေါ်တာ အနေနဲ့ နောက်ထပ် wing-back စမ်းသပ်မှု မလုပ်ဖို့ သတိပေး ခေါင်းလောင်း သဖွယ် ဖြစ်စေပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကတော့ အရန်ခုံမှာ ချန်လှပ်ထားတဲ့ ဘန်ချေဝဲလ် ၊ ဆီဆာ အက်ဇ်ပီလီကွီတာတို့ကို ကျော်ကာ နည်းစနစ်မှာ အံမဝင်တဲ့ ရာဟင်း စတာလင် ၊ ခရစ်တီယန် ပူလီဆစ်တို့ကို ထပ်ပြီး ပွဲထုတ်ခဲ့ခြင်းနဲ့ ပတ်သက်ကာ အခုလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ် ။

BBC Match of the Day အစီအစဉ်မှာ အီယန်ရိုက် က ” ဂရေဟမ် ပေါ်တာ ဘာတွေ မှားခဲ့လဲ ? wing-back တွေပါ ။ သူတို့ ဒီရာသီမှာ မတူညီတဲ့ wing-back တွေ ခဏခဏ အပြောင်းအလဲလုပ် သုံးတာတွေကို ကျွန်တော်တို့ မြင်တွေ့ဖူးပါတယ် ။ ဒီနေ့မှာ သူတို့ရဲ့ အရန်ခုံကို ကြည့်ရင် ဘန်ချေဝဲလ်နဲ့ ဆီဆာ အက်ဇ်ပီလီကွီတာတို့ ရှိနေပါတယ် ။ ”

” ဒါပေမယ့် wing-back ၂နေရာမှာ ခရစ်တီယန် ပူလီဆစ်နဲ့ ရာဟင်း စတာလင်တို့ကို ပွဲထုတ်လာတာက ကျွန်တော့ကို ဇဝေဇဝါ ဖြစ်စေပါတယ် ။ နောက်ပြီး သူတို့ ၂ဦး နေရာယူ ကစားပုံ ၊ လုပ်ပုံကိုင်ပုံတွေကို ကြည့်ရင် သူတို့ဟာ အနောက်က ချာလိုဘာ ၊ ကူကူရယ်လာ ၊ သီယာဂို ဆေးလ်ဗားတို့ကို လုံးဝ ကူညီပေးခြင်း မရှိပါဘူး ။ ”

” ဒီတော့ ၃ယောက်တန်း ခံစစ်က တောင်ရောက်မြောက်ရောက် ဖြစ်သွားခဲ့ပါတယ် ။ ချာလိုဘာဆိုရင် တယောက်တည်း အလုပ် အကုန် လုပ်ရပါတယ် ။ ဘာလို့လဲဆိုတော့ ပူလီဆစ်ရော ၊ စတာလင်ပါ အနောက်ကို လုံးဝ ပြန်ဆင်းပြီး မကူပေးကြလို့ပါ ။ ဘရိုက်တန်က တချိန်လုံး အဲဒီ နေရာကိုပဲ ထိုးနှက် တိုက်ခိုက်ခဲ့တာပါ ။ ”

” တချို့သော အခြေအနေတွေမှာဆို ရူဘင် လော့ဖ်တပ်စ်ချိခ် တယောက်ပဲ ၃ယောက်တန်း ခံစစ် အတွက် ဆင်းကူပေးခဲ့ရပါတယ် ။ ဘရိုက်တန်ကတော့ အလယ်က ဖောက်လိုက် ၊ တောင်ပံ ၂ဖက်က ဖောက်လိုက်နဲ့ စိတ်ကြိုက် မွှေခဲ့တာပါ ။ ဒီနေ့မှာ ချာလိုဘာဟာ လွယ်လွယ်နဲ့ ကျော်တက်ခံနေရပြီး ၊ ဒါက ချဲလ်ဆီး အတွက် အဓိက ပြဿနာ ဖြစ်ခဲ့ပါတယ် ။ ”

” ရှေ့မှာ ကျွန်တော် ပြောခဲ့သလိုပဲ ၊ သူတို့ရဲ့ အရန်ခုံမှာ ခံစစ်မှူးတွေကို အကာအကွယ် ပေးနိုင်မယ့် wing-back စစ်စစ် ကစားသမားတွေ ရှိနေပါတယ် ။ ခံစစ်မှူးတွေဟာ ဒီနေ့မှာ ခြေစွမ်း အထူး ဆိုးရွားခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ တချိန်လုံး ပြိုင်ဖက်က လွယ်လွယ်နဲ့ ထိုးဖောက်နေခဲ့လို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR