တန်းဆင်းဇုန်က အသင်းတွေကို နှစ်ပတ်ဆက်တိုင် ရှုံးနိမ့်ခဲ့တဲ့ လီဗာပူး ၁-၂ လိဒ် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

 

လီဗာပူးရဲ့ ပရီးမီးယားလိဂ် တာထွက်ဆိုးနေမှုက ဆက်လက် တည်မြဲနေခဲ့ပြီး ကလော့ရဲ့ အသင်းဟာ အိမ်ကွင်းမှာ တန်းဆင်းဇုန်က လိဒ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရိုဒရီဂိုဟာ ၄ မိနစ်မှာ ဂိုးမက်ဇ်ရဲ့ လက်ဆောင်ပေးမှုကနေ ဦးဆောင်ဂိုး သွင်းခဲ့ပြီး ဆာလားက ၁၄ မိနစ်မှာ ပြန်လည် ချေပခဲ့ပါတယ်။

လီဗာပူးကော လိဒ်ပါ လက်ကျန်ပွဲချိန်တွေမှာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဆမ်မာဗယ်လီက ၈၉ မိနစ်မှာ အနိုင်ဂိုးသွင်းယူကာ ပွဲကို အဆုံးအဖြတ် ပေးခဲ့ပါတယ်။

 

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~အဆိုးအကောင်း ရောထွေးနေတဲ့ ဂိုးမက်ဇ်

ပွဲအစပိုင်းမှာ နောက်ကို ပြန်မကြည့်ဘဲ ဆိုးရွားစွာ ဘောလုံးပေးပို့ခဲ့ကာ ရိုဒရီဂိုက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူခဲ့ပြီး လီဗာပူးတို့ နောက်ထပ် တစ်ကြိမ် နောက်ကနေ ပြန်လိုက်ကစားခဲ့ရပါတယ်။ အလီဆွန်ကလည်း သူ့ရဲ့ အမှားမကင်းကြောင်း ၀န်ခံရန် ကြိုးစားခဲ့ပြီး ဒါကို ကြည့်မယ်ဆိုရင် ဘရာဇီး ဂိုးသမားရဲ့ ခေါင်းဆောင်မှုစွမ်းရည် နဲ စိ်တ်ဓာတ်ကောင်းတွေကို မြင်တွေ့ရမှာပါ။

အဲဒီနောက်ပိုင်း ဂိုးမက်ဇ်ရဲ့ ကစားပုံ တကယ်ကောင်းခဲ့တာတော့ ၀န်ခံရမှာ ဖြစ်ပြီး ၎င်းရဲ့ ဘောလုံးမှန်းဆတာ ကောင်းမွန်မှုတွေ ၊ ရှင်းထုတ်မှုတွေ နဲ့ ဘောလုံးဖြန့်ဝေမှုတွေဟာ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး ကြီးမားတဲ့ အမှားတွေကတော့ ကစားသမား အတွက်ကော ကလပ်အတွက်ပါ ကောင်းမွန်တဲ့ အရာ မဟုတ်ပါဘူး။

၂~ဖျော်ဖြေမှု အပြည့်ပေးခဲ့တဲ့ပွဲ

ဆာလားရဲ့ ချေပဂိုး ရခဲ့အပြီးမှာ လီဗာပူးဟာ ပွဲကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ပေမယ့် လိဒ်က ဒါကို ခွင့်မပြုခဲ့ဘဲ ၎င်းတို့ရဲ့ high pressing ကစားပုံကို လုံး၀မချကာ အကောင်းဆုံး တုန့်ပြန်ကစားခဲ့ပါတယ်။ ပွဲချိန်မိနစ် ၂၀ လောက်မှာ အာရွမ်ဆင်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့သလို သိပ်မကြာမီ ဟာရီဆင်ရဲ့ ကန်ချက်ကို အလီဆွန် လက်စွမ်းပြ ကာကွယ်ခဲ့ကာ အိမ်ရှင်ကို ဖိအားပေးခဲ့ပါတယ်။ ပထမပိုင်း မပြီးခင် လီဗာပူးကလည်း အခွင့်အရေးတွေ ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးက ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရခဲ့ကာ နူးနက် ဖာမီနို ဆာလား ဟန်ဒါဆန် တို့ရဲ့ ကန်သွင်းမှုတွေကို မယ်လီယာက လက်စွမ်းပြခဲ့သလို လိဒ်ရဲ့ တန်ပြန်တိုက်စစ်ကလည်း လီဗာပူး ခံစစ်ကို ဖရိုဖရဲ ဖြစ်စေခဲ့ကာ ဂိုးသွင်းနိုင်မယ့် အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လိဒ်ဟာ အနိုင်ဂိုးကို ထိုက်တန်စွာ ရယူသွားခဲ့ပါတယ်။

၃~နူးနက်ကို ဂိုးပေါက်ပျောက်စေခဲ့တဲ့ မယ်လီယာ

ဒုတိယပိုင်းအစမှာ ပွဲဟာ ငြိမ်သက်နေခဲ့ပေမယ့် မိနစ် ၆၀ လောက်မှာတော့ ပွဲဟာ ပြန်လည် လှုပ်ရှားလာခဲ့ပါတယ်။ ဘန်းဖို့ဒ်ရဲ့ မထင်မှတ်တဲ့ အဝေးကန်ချက်ဟာ အလီဆွန်ကို စမ်းသပ်နိုင်ခဲ့ပြီး ရောဘတ်ဆန်ရဲ့ ကန်ချက်ကိုလည်း မယ်လီယာက ပုတ်ထုတ်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အကောင်းဆုံး အခွင့်အရေးတွေ ရှာဖွေနေခဲ့ပါတယ်။ ၆၆ မိနစ်မှာတော့ ဆာလားဟာ ကူးပါးရဲ့ အမှားကနေ ဘောလုံးရယူကာ နူးနက်ကို ထိုးပေးခဲ့ပြီး ဥရုဂွေးစတားရဲ့ ကန်ချက်ကို မယ်လီယာက နောက်တစ်ကြိမ် ကာကွယ်ခဲ့ပါတယ်။

နူးနက်ဟာ သိပ်မကြာမီ နောက်ထပ် အခွင့်အရေးကောင်း ရခဲ့ပါသေးတယ်။ ဒီတစ်ကြိမ်မှာတော့ နူးနက်ရဲ့ ဘောလုံး အတွင်းကို ပြန်ချိုးကာ ဂိုးထောင့်ထဲကို ကန်သွင်းယူခဲ့ပြီး မယ်လီယာက လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

ပထမပိုင်းမှာလည်း မယ်လီယာဟာ အတွင်းကို ချိုးကာ ကန်သွင်းဖို့ ပြင်ခဲ့တဲ့ နူးနက်ရဲ့ ဘောလုံးကို ခြေထောက်နဲ့ ရှင်းထုတ်ပစ်ခဲ့ပြီး ဒါတွေဟာ ဥရုဂွေး လက်ရွေးစင် အတွက် စိတ်ပျက်စရာတွေ ဖြစ်ခဲ့ပေမယ့် မယ်လီယာရဲ့ performance ကတော့ ချီးကျူးစရာပါပဲ။

၄~လီဗာပူးနဲ့ ကလော့ရဲ့ ခြေချော်မှု

လီဗာပူးဟာ ပြီးခဲ့တဲ့ အပတ်က နော့တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးခဲ့ကာ ဒီပွဲမတိုင်မီ ဒီရာသီ လိဂ်ပွဲစဉ် ၁၁ ပွဲမှာ နိုင်ပွဲ ၄ ပွဲသာ ရထားခဲ့ပြီး ၎င်းတို့ မျှော်လင့်ထားခဲ့သလို ဖြစ်မလာခဲ့ဘူးလို့ ဆိုရမှာပါ။ လီဗာပူးဟာ လိဒ်နဲ့ပွဲမှာ နောက်ထပ် ခြေချော်လို့ မရတဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပွဲမစမီ နည်းပြခုံတန်းကို လာရောက်ရာမှာ ကလော့ဟာ ခြေချော်သွားခဲ့ပြီး ကံကောင်းစွာနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ဒါဟာ နောက်ဆုံး ခြေချော်ခဲ့မှု မဟုတ်ဘဲ ပွဲအစ ၄ မိနစ်မှာတင် ဂိုးမက်ဇ်ဟာ အလီဆွန် ဘယ်ရောက်နေသလဲ ဆိုတာ မကြည့်ဘဲ ဘောလုံး ပေးပို့ခဲ့ပါတယ်။ အလီဆွန်ဟာ ခြောက်ကိုက်စည်းထဲမှာ မဟုတ်ဘဲ ဒီဘောလုံးကို ပြန်လိုက်ဖို့ ကြိုးစားရင်းနဲ့ ခြေချော်ခဲ့ကာ ရိုဒရီဂိုက ဒီဘောလုံးကို လွယ်ကူစွာ ပိတ်ပြီး ဂိုးရယူခဲ့ပါတယ်။ အသင်းလိုက် အနေနဲ့လည်း လီဗာပူးဟာ ဆယ်မာဗယ်လီရဲ့ မထင်မှတ်နဲ့ နောက်ကျဂိုးနဲ့ ရှုံးကာ ခြေချော်သွားခဲ့ပြီး top 4 ၀င်ဖို့ အတွက်တောင် အပြင်းအထန် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

၅~ပြသနာမရှိခဲ့တဲ့ ဘန်းဖို့ဒ်ရဲ့ ဆိုးရွားတဲ့ ထိချက်

လီဗာပူးဟာ ဒုတိယပိုင်း မိနစ် ၇၀ ကျော်မှာ လိဒ်ကို အပြင်းအထန် ဖိအားပေးကာ ဂိုးရဖို့ ရှာဖွေလာခဲ့ပြီး လိဒ်အတွက်ကတော့ တန်ပြန်တိုက်စစ်ကသာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ လီဗာပူးတို့ ဂိုးရဖို့ အပြင်းအထန် ကြိုးစားခဲ့ကာ မယ်လီယာ လက်စွမ်းပြနေတာကြောင့် ဦးဆောင်ဂိုး မရ ဖြစ်နေပါတယ်။ ဒီအချိန်မှာ လိဒ်ရဲ့ တန်ပြန်တိုက်စစ်ကနေ တဆင့် ဘန်းဖို့ဒ်ဟာ ဂိုးရှေ့မှာ အခွင့်အရေးကောင်း ရခဲ့ပေမယ့်လည်း ဘောလုံးထိချက် ဆိုးခဲ့တာကြောင့် ဂိုးကန်သွင်းခွင့် မရခဲ့ဘဲ အကယ်လို့များ လီဗာပူးသာ အနိုင်ဂိုး ရသွားမယ် ဆိုရင် ဘန်းဖို့ဒ် အနေနဲ့ အတော်လေး ဝေဖန်ခံရမယ့်ပုံ ဖြစ်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ ဆမ်မာဗယ်လီဟာ ၈၉ မိနစ်မှာ လိဒ်အတွက် အနိုင်ဂိုးကို သွင်းယူကာ ဒါကို ချေဖျက်ပေးခဲ့ပြီး အလွန်အရေးပါတဲ့ နိုင်ပွဲကိုလည်း ရယူပေးခဲ့ပါတယ်။

၆~ဆာလားရဲ့ မှတ်တိုင်

ဂိုးမက်ဇ်ရဲ့ အမှားကြောင့် ပေးလိုက်ရတဲ့ ဂိုးကို ဆာလားဟာ ပွဲချိန် ၁၄ မိနစ်မှာ အဆုံးသတ်ပေးခဲ့ပါတယ်။ အီဂျစ်စတားရဲ့ တစ်ပွဲလုံး ခြေစွမ်းဟာ သိပ်ပြီး မကောင်းခဲ့ပေမယ့်လည်း ၎င်းဟာ အခုဆိုရင် လီဗာပူးသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာကာ ဂျာရတ်ရဲ့ ၁၂၁ ဂိုး ကို ကျော်ဖြတ်ခဲ့ပါတယ်။

စံချိန်တင်ထားသူ ကတော့ ရော်ဘီဖောင်လာ ဖြစ်ပြီး ၁၂၈ ဂိုး သွင်းယူထားခဲ့ပါတယ်။ ဒါ့အပြင် ဆာလားရဲ့ ဂိုးကို ဖန်တီးပေးခဲ့တဲ့ ရောဘတ်ဆန်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ လေတန်ဘိန်း (၅၃ ကြိမ်) ပြီးနောက် assist အကြိမ် ၅၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက် နောက်ခံလူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက်ရဲ့ ငါးနှစ်နီးပါး ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲမရှိစံချိန် ကတော့ ပျက်စီးသွားခဲ့ပါတယ်။

 

SPORTS MYANMAR