အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် ချဲလ်ဆီး အသင်းထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ရုရှား ကြယ်ပွင့် ဇာခါရိုင်ယန်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် မပိတ်သိမ်းခင် ရက်ပိုင်း အလိုမှာ ရုရှား စူပါလိဂ်ကလပ် ဒိုင်နမိုမော်စကို အသင်းမှာ ဆယ်ကျော်သက် ကွင်းလယ်တိုက်စစ် ကြယ်ပွင့် အာဆင် ဇာခါရိုင်ယန်ကို ပေါင် ၁၂.၆သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ၊ နိုင်ငံ အခြေအနေကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ မနီးစပ်ခဲ့ပါဘူး ။

ရုရှား ဟာ နိုင်ငံရေး အရ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲထားမှုနဲ့ ဆက်စပ်ပြီး ၊ ကဏ္ဍအမျိုးမျိုးမှာ boycott လုပ်ခြင်း ၊ sanction ချခြင်း ခံထားရပါတယ် ။ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဟာ ရုရှား ကလပ် အသင်းအားလုံးကို ဥရောပ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမှ အကန့်အသတ် မရှိ ပိတ်ပင် တားမြစ်ထားပါတယ် ။

အလားတူ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာဟာလည်း ရုရှားကို ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မှ ပိတ်ပင်ခဲ့သလို ၊ ရုရှားနဲ့ ယူကရိန်း အခြေစိုက် ကစားသမားတွေ အတွက် သီးသန့် အလုပ်ပါမစ် လျှောက်ထားခွင့်တွေ ၊ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ ချမှတ်ထားတာကြောင့် ၊ ဒီ၂နိုင်ငံမှ ကစားသမားတွေကို တခြား ဥရောပ ကလပ်များမှ ခေါ်ယူဖို့ များစွာ အခက်တွေ့နေပါတယ်။

သို့့ပေမယ့်လည်း အသက် ၁၉နှစ် အရွယ်ရှိ ဇာခါရိုင်ယန် ဟာ ရုရှား ဘောလုံး လောကရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကြယ်ပွင့် တဦး အဖြစ် သတ်မှတ်ခံထားရပြီး ၊ သူကိုယ်တိုင်က ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ အထူး စိတ်အားထက်သန်နေပါတယ် ။

ရုရှားက Comment Show ဆိုတဲ့ အစီအစဉ်မှာ ဇာခါရိုင်ယန်က ချဲလ်ဆီးက လွဲပြီး ၊ တခြား ဘယ်အသင်းက မပြောင်းချင်ကြောင်း တိုက်ရိုက် မက်ဆေ့ခ်ျ ပေးခဲ့ပြီး ၊ အသင်းမှာ နေရာ မရလို့ အငှားထွက် ကစားရမယ်ဆိုရင်တောင် သူ ကျေနပ်ကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ဇာခါရိုင်ယန် က ” ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးဆီကနေ ကမ်းလှမ်းမှု တခု ရတဲ့ အကြောင်း ကျွန်တော့ အေးဂျင့်တွေနဲ့ ကလပ်က ကျွန်တော့ကို အကြောင်းကြားခဲ့ပါတယ် ။ အဲဒီမှာ ကျွန်တော်လည်း ကိုယ့်နေရာကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်တဲ့ အကြောင်း တည့်ပဲ အကြောင်းပြန်ခဲ့ပါတယ် ။ ”

” မောင့် ၊ ဟာဗက်ဇ် ၊ ဂေါ်လဂါတို့ ကစားတဲ့ နေရာနဲ့ ကျွန်တော် ကစားတဲ့ နေရာချင်း တူပြီး ၊ ချဲလ်ဆီးသာ ရောက်ခဲ့ရင် ကစားခွင့် အတွက် သူတို့နဲ့ ပြိုင်ဆိုင်ရမယ် ဆိုတာ ကျွန်တော် သိထားပါတယ် ။ ဒီတော့ တခြား ဥရောပလိဂ် တခုမှာ ပုံမှန် ကစားခွင့် အတွက် ပြန်ပြီး အငှားထွက်ရရင်တောင် ကျွန်တော် ငြိုငြင်မှာ မဟုတ်ပါဘူး ။ ”

” ချဲလ်ဆီးကို ပြောင်းရွှေ့ချင်တဲ့ အတွက် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ အပေါ် အတော်လေး စိတ်ပျက်ခဲ့မိပါတယ် ။ အခုအချိန် အထိ ချဲလ်ဆီးဆီ ပြောင်းရွှေ့ချင်တုန်းပါ ။ တခြား ဥရောပ ကလပ်တွေဆီက စိတ်ဝင်စားမှု ရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပေမယ့် ၊ ချဲလ်ဆီးကိုပဲ ကျွန်တော် ပြောင်းရွှေ့ချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ရုရှား နိုင်ငံသား ဖြစ်နေလို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတဲ့ ဇာခါရိုင်ယန် အနေနဲ့ အာမေးနီးယား နိုင်ငံသား အဖြစ် ပြောင်းလဲခံယူဖို့ အကြံပြုချက်တွေလည်း ရှိနေပါတယ် ။ သို့ပေမယ့် ဇာခါရိုင်ယန် က ရုရှားနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူကြောင်းနဲ့ နိုင်ငံသား ပြောင်းလဲ ခံယူလိုခြင်း မရှိကြောင်း တုန့်ပြန်ခဲ့ပါတယ် ။

ဇာခါရိုင်ယန် က ” ချဲလ်ဆီးကို ပြောင်းရွှေ့ခွင့် ရဖို့ ကျွန်တော့ရဲ့ နိုင်ငံသားမှတ်ပုံတင်ကိုတော့ မပြောင်းလဲချင်ပါဘူး ။ ဒီလိုဆို ကျွန်တော်တို့ နောက်တနည်း ကြံရပါမယ် ။ ရုရှား လက်ရွေးစင် အသင်း အတွက် စတင် ကစားခွင့် ရတာကို ကျွန်တော် ဂုဏ်ယူပြီး ၊ ခရိုအေးရှားနဲ့ ပွဲမှာ ကာပင်က ကျွန်တော့ကို ချက်ချင်း တန်းသုံးခဲ့တဲ့ အပေါ်လည်း ကျေးဇူးတင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR