‘အင်္ဂလန်ရဲ့ စျေးအကြီးဆုံး မျက်နှာပဲ’ လို့ အက်ဖ်အေရဲ့ ပြစ်ဒဏ်အပေါ် အရွှမ်းဖောက်လိုက်တဲ့ ယာဂန်ကလော့

လီဗာပူး နည်းပြ ယာဂန်ကလော့က ယခုလ အစောပိုင်းက မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွက် သူ့ရဲ့ အပြုအမူ အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံသင့်သလား ဆိုတာ သူလည်း မသိပါဘူးလို့ ဆိုလိုက်ပါတယ်။ ကလော့ဟာ အောက်တိုဘာ ၁၆ ရက်နေ့က မန်စီးတီးကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ဆာလား အပေါ် ဘာနာဒိုဆေးလ်ဗားရဲ့ ပြစ်ဒဏ်ကျူးလွန်မှု အပေါ် foul မပေးခဲ့တဲ့ အတွက် ကွင်းလယ်ဒိုင် အန်သိုနီတေလာ နဲ့ စည်းကျပ်ဒိုင် တို့ကို ဒေါသတကြီး စောဒကတက်ခဲ့ပါတယ်။

စည်းကျပ်ဒိုင် အပေါ် ကလော့ရဲ့ ပေါက်ကွဲမှုဟာ အနည်းငယ် ပြင်းထန်သွားခဲ့ပြီး မျက်နှာနားကပ်ကာ အော်ဟစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ဟာ ပွဲကို ခတ္တရပ်နားကာ လီဗာပူး မန်နေဂျာကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ ကလော့ ကိုယ်တိုင်ကလည်း သူ့အပြုအမူဟာ မသင့်တော်ကြောင်း ၀န်ခံသွားခဲ့ပြီး ကြာသပတေးနေ့မှာတော့ အက်ဖ်အေက ဂျာမန်နည်းပြကို ပေါင် ၃ သောင်း ဒဏ်တပ်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး မန်နေဂျာဟာ touchline ban ကိုတော့ ရှောင်လွဲနိုင်ခဲ့ပါတယ်။

ဒါဟာ မျှတတဲ့ အပြစ်ပေးမှုလား ဆိုတဲ့ မေးခွန်း အပေါ် ကလော့က “ကျွန်တော် ဘာပြောခဲ့သလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒီစကားကို ခပ်ဝေးဝေး ကနေ မတူညီတဲ့ မျက်နှာနဲ့ ပြောခဲ့မယ်ဆိုရင်တော့ ဒါဟာ အိုကေနိုင်ပါတယ်။ ‘ခင်ဗျား ဘယ်လို လုပ်ပြီး ဒါကို foul မပေးတာလဲ? ဘယ်လိုလုပ်ပြီး မပေးတာလဲ?’ ဆိုပြီး ကျွန်တော် ပြောခဲ့တာပါ။ ကျွန်တော် ကတော့ ဒါဟာ စျေးအကြီးဆုံး မျက်နှာလို့ ထင်ပါတယ်။ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံးလား ဆိုတာ မသေချာပေမယ့် အနည်းဆုံး ဒီမှာတော့ သေချာပါတယ်။

ဒါဟာ အတော်များတဲ့ ငွေပမာဏလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒီငွေတွေကို ကောင်းမွန်တဲ့ နေရာမှာ ရင်းနှီးမြှပ်နှံသွားမယ်လို့ ကျွန်တော် ကြားခဲ့ပြီးနောက် ဒါဟာ အိုကေပါတယ်။ ကျွန်တော် ပွဲပယ်ပြစ်ဒဏ် ကျသင့်သလား? ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် ဒီလိုမျိုး အခြေအနေ မကြုံခဲ့ဖူးပါဘူး။ အနီကတ် မရခဲ့ဖူးပါဘူး။ သိရသလောက် အဝါကတ်လည်း မရခဲ့ဖူးပါဘူး။ ဒီမေးခွန်းကို ခင်ဗျားတို့ ကျွန်တော့်ကို မမေးသင့်ပါဘူး။ ဒီမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတွေကို ကျွန်တော်လည်း မသိပါဘူး။

ဒေါ့မွန်မှာတုန်းကတော့ ကျွန်တော် ချန်ပီယံလိဂ်မှာ ပွဲပယ်ခံခဲ့ရပါတယ်။ ဒီလိုမျိုး ပုံစံမျိုးပါပဲ။ ဒါပေမယ့် ချန်ပီယံလိဂ်ဟာ ပြည်တွင်းလိဂ်တွေနဲ့ အနည်းငယ် ကွဲပါတယ်။ ကျွန်တော့် အနေနဲ့ မပျော်ရွှင်တာ ဒါမှမဟုတ် စိတ်သက်သာရာ ရတာမျိုးတွေ မရှိပါဘူး။ ပြစ်ဒဏ်ကို စောင့်ဆိုင်းနေခဲ့ရုံပါပဲ။ ဒါကို လက်ခံကာ ဒီကနေ ဆက်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ စနေနေ့က နော့တင်ဟမ်ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ကြားရက်မှာ အိုင်ယက်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ယူခဲ့ကာ ဒီ weekend မှာတော့ ရုန်းကန်နေရတဲ့ လိဒ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဂျယ်စီမတ်ခ်ျရဲ့ အသင်းဟာ ၄ ပွဲဆက် ရှုံးကာ ဒီနှစ်မှာလည်း တန်းမဆင်းရဖို့ ရုန်းကန်ရနိုင်ပါတယ်။

ဒါပေမယ့်လည်း ကလော့က “နောက်ဆုံး ၃ ပွဲမှာ လိဒ်ရဲ့ ကစားပုံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ ကစားပုံ နဲ့ ရလဒ်က အတော်လေး ကွာခြားတယ်လို့ ပြောရမှာပါ။ သူတို့ရဲ့ ပွဲတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့တာကို မြင်ရမှာ ဖြစ်ပြီး နောက်ဆုံးစည်းကို မကျော်နိုင်ခဲ့တာပဲ ရှိကာ ပြိုင်ဘက်တိုင်းကို အတော် ပြသနာတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ရန် ပြင်ဆင်ထားတဲ့ လိဒ်က ဒါမျိုးပါ။”

SM