မန်ချက်စတာယူနိုက်တက် “ပြန်လာပြီ” လို့ ပြောရင်း အဲရစ်တန်ဟတ် ကို ချီးကျုးလိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး ပဲ့ကိုင်ရှင်ကြီး ပက် ဂွာဒီယိုလာ ဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုးတက်လာမှု တွေကို အသိအမှတ်ပြု ပြောဆို ခဲ့ပြီး ဒီလို တိုးတက်လာမှု တွေဟာ နည်းပြသစ် အဲရစ် တန်ဟတ် ကြောင့် ဖြစ်တယ်လို့ နယ်သာလန်သားကြီး ကို ထုတ်ဖော် ချီးကျုး သွားခဲ့ ပါတယ် ။

တန်ဟတ် ဟာ ယူနိုက်တက် နည်းပြ ရာထူးကို အခု ရာသီမှာ စတင် တာဝန်ယူခဲ့တာ ဖြစ်ပြီး အဖွင့် ၂ ပွဲမှာ ဘရိုက်တန် ၊ ဘရန့်ဖိုဒ့် တို့ကို ဂိုးပြတ် ရှုံးနိမ့်ပြီး မျက်နှာပန်း မလှ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ယူနိုက်တက် တို့ ခြေပြန်မှန်လာပြီး မန်စီးတီး နဲ့ ပွဲကလွဲရင် ကျန်တဲ့ ပွဲတွေမှာ စိတ်ကျေနပ်စရာ ကစားပုံ နဲ့ ရလဒ်တွေ ရရှိလာ ခဲ့ပါတယ် ။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် ၆ နေရာမှာ တပွဲလျော့ ကစားပြီး ရပ်တည် နေကာ အဆင့် ၄ နဲ့ ၁ မှတ်သာ ကွာဟနေပါတယ် ။

ဒီတပတ် ကစားမယ့် လက်စတာ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဂွာဒီယိုလာ က မန်ချက်စတာ ယူနိုက်တက် ဟာ အဲရစ် တန်ဟတ် လက်အောက်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ခံစားမိကြောင်း ထုတ်ဖော် ပြောဆိုရင်း နည်းပြ တန်ဟတ် ကို ချီးကျုးစကား ဆိုသွားခဲ့ ပါတယ် ။

“ယူနိုက်တက် ပြန်လာပြီဆိုတဲ့ ခံစားချက်မျိုး ကျွန်တော် ရနေပါတယ် ။ နောက်ဆုံးတော့ သူတို့ ပြန်လာပါပြီ ။ ဒီလို ခံစားမှု မျိုးကို မနေ့က ( ရှရစ် ကို ၃-၀ နဲ့ နိုင်တဲ့ ကြာသပတေးညက ) ရလိုက်တာပါ ။ ပြီးတော့ ချဲလ်ဆီး နဲ့ သရေကျတဲ့ ပွဲက ပထမပိုင်း ကစားပုံရော ပါပဲ”

“သူတို့ ကို ကြည့်မိလိုက်တဲ့ အချိန်မှာ ‘ငါသဘောကျနေတာပဲ’ ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ခဲ့ပါတယ် ။ ဒီနှစ်တော့ အမှတ်ပေး ဇယားကို အသင်းတွေ အများအပြား ပြိုင်ဆိုင် လာကြတော့မှာပါ ။ ချန်ပီယံလိဂ် ဝင်ခွင့်ရော အမှတ်ပေး ချန်ပီယံ အတွက် အားပြိုင်မှုတွေပါ ပို ပြင်းထန်လာတော့ မှာပါ”

“အဖွင့် ၁၀ ပွဲလောက်နဲ့ ပရီးမီးယားလိဂ် မရနိုင်ပါဘူး ၊ ဒါပေမယ့် ( အမှားလုပ်မိခဲ့ရင် ) နည်းနည်းတော့ နောက်ကျ ကျန်သွားတတ် ပါတယ် ။ ဒါပေမယ့် ပြန်လိုက်ဖို့ အချိန်တွေ ရှိပါသေးတယ် ။ နယူးကာဆယ် ကိုပဲ ကြည့်ပါ ။ သူတို့ စပါးနဲ့ ကစားတဲ့ ပွဲကို ကျွန်တော် ကြည့်ဖြစ်ခဲ့ ပါတယ် ။ သူတို့လည်း အရှိန်ပြန် ရနေပါပြီ” လို့ ဂွာဒီယိုလာ က ပြောဆိုခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး ဟာ နောက်ဆုံး ၅ နှစ်မှာ ပရီးမီးယားလိဂ် ဖလားကို ၄ ကြိမ် ရယူထားနိုင်ခဲ့ ပါတယ် ။ ဒီနှစ် မှာလည်း ၃ နှစ်ဆက် ချန်ပီယံဆု အတွက် အားကောင်းတဲ့ အနေအထားမှာ ရပ်တည်နေပြီး အဆင့် ၁ က အာဆင်နယ် ကို အပတ်စဉ် ဖိအားပေး နေခဲ့ ပါတယ် ။

ဂွာဒီယိုလာ ကတော့ သူ့အသင်းသားတွေရဲ့ အတောမသတ် နိုင်တဲ့ ရယူလိုစိတ် ၊ ထပ်ခါ ထပ်ခါ အောင်မြင်လိုတဲ့ စိတ်ဆန္ဒ ပြင်းပြမှုတို့ကို ချီးကျုး ပြောဆို သွားခဲ့ပါတယ် ။

“မနှစ်တုန်းက အဓိက ကစားသမား တချို့ ပုံစံ နည်းနည်း လျော့တိလျော့ရဲ ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော်လည်း သူတို့ကို ပြောတာပါပဲ ၊ လေ့ကျင့်ခန်းတွေ ကလည်း ပြင်းထန်ပါတယ် ။ ဒါပေမယ့် စိတ်တိုင်း မကျဘူးလို့ ခံစားခဲ့ရ ပါတယ် ။ အခု ရာသီမှာတော့ ရာသီမစခင် ကတည်းက ကျွန်တော် စိတ်တိုင်း ကျနေခဲ့ရတာပါ”

“လေ့ကျင့်ရေး ကွင်းကို အချိန်မှန် လာကြတယ် ၊ အာရုံစိုက် ကြတယ် ၊ အချင်းချင်း ဖလှယ်မှုတွေ ပိုကောင်းလာ ကြပါတယ် ။ ဒါကြောင့်လည်း သူတို့ကို ကျွန်တော် အမြဲ ချီးကျုး နေရတာပါ ။ အခုဆိုရင် ကျွန်တော် ဝင်ပါစရာတောင် မလိုတော့ဘူးလို့ တွေးမိတဲ့ အထိ ဖြစ်နေပါပြီ”

“တကယ်ဆိုရင် ကျွန်တော့ လူတွေက ဒီမှာ ချန်ပီယံ ၄ ကြိမ်တောင် ဖြစ်ထားပြီးပါပြီ ။ ထပ်ဆင့် ချန်ပီယံ ဆုတွေလည်း ပါခဲ့တာပါ ။ ဒါတွေကို ငြီးငွေ့ပြီး ချန်ပီယံလိဂ် လောက်ကိုပဲ အာရုံစိုက်မယ်လို့ ထင်ချင်စရာ ပါပဲ ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလို မဟုတ်နေပါဘူး ။ သူတို့ရဲ့ အောင်ပွဲဆာလောင်စိတ်တွေက တကယ့်ကို အံ့မခန်း ပါပဲ” လို့ ဂွာဒီယိုလာက ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR