ဘာစီလိုနာစတားကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ကမ်းဘဲလ်

အာဆင်နယ် တိုက်စစ်မှုးဟောင်း ဖြစ်သူ ကယ်ဗင်ကမ်းဘဲလ်က ဘာစီလိုနာ စတား ဖရန်ကီဒီဂျောင်းဟာ လက်ရှိမှာ ရုန်းကန်နေရတဲ့ လီဗာပူးရဲ့ ကွင်းလယ်ပိုင်း အတွက် ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဒီဂျောင်းကို ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးရဲ့ ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ကာ ပရီးမီးယားလိဂ် ကလပ်ဟာ ဘာစီလိုနာနဲ့ ပြောင်းရွေ့ကြေး သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ကမ့်နူးကနေ မထွက်ခွာချင်ခဲ့တာကြောင့် အပြောင်းအရွေ့ မဖြစ်ပေါ်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ဒီဂျောင်းဟာ ဘာစီလိုနာမှာ ပွဲထွက်ခွင့် ရရန် ရုန်းကန်နေရခဲ့ရပြီး ဒီရာသီ လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံမှာ ၅ ပွဲသာ ပွဲထွက် ကစားခဲ့ရတာကြောင့် ၎င်းရဲ့ အနာဂတ်ကို ပြန်လည် စဉ်းစားသွားဖို့ ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ လီဗာပူးရဲ့ ကွင်းလယ်ဟာ ဟန်ဒါဆန် မီနာ တီယာဂို တို့လို သက်ကြီး ကစားသမားတွေ အပြင် ပုံစံကောင်း ပျောက်နေတဲ့ ဖာဘင်ညို ၊ အဆင်သင့် မဖြစ်သေးတဲ့ ကာဗယ်ဟို နဲ့ နာဘီကီတာ ကာတစ်ဂျုံး အောက်စလိတ်ချိန်ဘာလိန် တို့လို ဒဏ်ရာ မကြာခဏ ရတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ဒီရာသီမှာ ရုန်းကန် နေခဲ့ရပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ လီဗာပူး ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် တို့ဟာ လာမည့် ဇန်နဝါရီ ဒါမှမဟုတ် ရာသီကုန်မှာ ဒီဂျောင်းကို ခေါ်ယူဖို့ ကြိုးစားနိုင်တယ်လို့ သိရပါတယ်။ ကမ်းဘဲလ် ကလည်း ယာဂန်ကလော့ရဲ့ အသင်း အနေနဲ့ အသက်အရွယ် ရလာတဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်သွားဖို့ လိုအပ်တယ်လို့ ခံစားမိနေပြီး ဒီဂျောင်းဟာ ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်လာနိုင်တယ်လို့ အကြံပေးသွားခဲ့ ပါတယ်။

ကမ်းဘဲလ်က “ဒီဂျောင်းဟာ တအားကို ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ အကယ်၍ သူဟာ Available ဖြစ်နေခဲ့မယ် ဆိုရင် ထိပ်တန်း ကလပ် တော်တော်များများဟာ သူ့ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူဟာ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းမှာ တီယာဂို ဖာဘင်ညို ဒါမှမဟုတ် ဟန်ဒါဆန် တို့နဲ့ အတူ အကောင်းဆုံး တွဲဖက် ကစားနိုင်လိမ့်မယ်လို့ မြင်မိပါတယ်။ သူဟာ ကွင်းလယ်မှာ တကယ့်ကို နေရာစုံ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားပါ။ သူဟာ ဒီရာသီ ဘာစီလိုနာမှာ ဗဟို နောက်ခံလူ အဖြစ်တောင် ၀င်ကစားနေတာကို တွေ့ခဲ့ရပါတယ်။

သူဟာ လီဗာပူးရဲ့ ကစားဟန်နဲ့ အံ၀င်ခွင်ကျ ဖြစ်နိုင်သလား? ကျွန်တော် ကတော့ ဒီလိုပဲ ထင်ပါတယ်။ သူဟာ ကလော့ရဲ့ sytem နဲ့ အံ၀င်အောင် ကစားနိုင်မယ့် ကစားသမားမျိုး ဖြစ်ပါတယ်။ သူဟာ အဲဒီမှာ ပုံမှန် ပွဲထွက်ခွင့်ကို ရရှိနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကလည်း သူ့ကို စိတ်၀င်စားနေအုံးမယ် ဆိုတာ ကျွန်တော် အသေအချာ သိပါတယ်။ အဲရစ်တန်းဟတ်ဟာ သူ့ကို တအား နှစ်သက်တဲ့သူပါ။ သူနဲ့ ကတ်စမီရို တို့ရဲ့ တွဲဖက်မှု ကလည်း ကောင်းမွန်မှု ရှိနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM