ဂတ်ပို နဲ့ ပတ်သက်ပြီး အာဆင်နယ် နဲ့ မန်ယူနိုက်တက် တို့ကို သတင်းစကားပါးလိုက်တဲ့ ဗန်ပါစီ

ဗန်ပါစီ က အာဆင်နယ် နဲ့ မန်ယူနိုက်တက် အသင်းတို့ အနေနဲ့ ပီအက်စ်ဗွီ အသင်း ရဲ့တောင်ပံ တိုက်စစ် ကစားသမား ဂတ်ပို ကိုသာ ခေါ်နိုင်ရင် ပြိုင်ဘက်အသင်းတွေအပေါ် တကယ့်ကို အန္တရယ် ပေးနိုင်တဲ့ ကစားသမားမျိုး ခေါ်ယူလိုက်နိုင်တာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် ၊ မန်ယူနိုက်တက် ၊ လိဒ်ယူနိုက်တက် ၊ နယူးကာဆယ် အသင်းတို့ဟာ ဂတ်ပို ကို ခေါ်ယူဖို့ စိတ်ဝင် တစား ချိတ်ဆက် ခဲ့ကြပါတယ် ။ ဒါပေမယ့် ဂတ်ပို ဟာ ပီအက်စ်ဗွီ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

နယ်သာလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂတ်ပို ဟာ ဒီရာသီ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ ၉ ဂိုးသွင်း ၊ ၉ ဂိုး ဖန်တီး ပေးထားပါတယ် ။ ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ယူရို ပါလိဂ် အုပ်စု ပွဲမှာလည်း ဂတ်ပို ဟာ ခြေစွမ်းပြ ကစားနိုင် ခဲ့ပါတယ် ။

ဗန်ပါစီ က ဂတ်ပို ကို ခေါ်လိုက်နိုင်တဲ့ အသင်းဟာ နေရာစုံ ကစားနိုင်တဲ့ ကစားသမား တစ်ဦးကို ရလိုက်မှာ ဖြစ်တာကြောင့် ကောင်းမွန် အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ BT Sport မှာ ပြောကြား သွားခဲ့ပါတယ် ။

” ဂတ်ပို က ကစားသမားကောင်း တစ်ဦးပါ ။ သူက ပါဝင် ကစားရတဲ့ ပွဲတိုင်းမှာ အသင်း အပေါ် တစ်နည်းမဟုတ် တစ်နည်း နဲ့ အကျိုးပြု နိုင်ဖို့ နည်းလမ်း ရှာဖွေ နေသူပါပဲ ၊ ဂိုးသွင်းရင်သွင်း မသွင်းရင် ဂိုးဖန်တီးမှု လုပ်လေ့ ရှိပါတယ် ၊ သူက အမြဲတမ်း အန္တရယ် ပေးနိုင်တဲ့ ကစားသမားပါပဲ ။ ”

” သူက အထောင်တိုက်စစ်မှူး စစ်စစ်တော့ မဟုတ်ပါဘူး ၊ သူက နံပါတ် ၁၀ အဖြစ်လည်း ကစား နိုင်သလို တောင်ပံ မှာလည်း ကစား နိုင်ပါတယ် ၊ false 9 အဖြစ်လည်း ကစား နိုင်စွမ်း ရှိပါတယ် ၊ သူက တိုက်စစ်မှာ နေရာ ၄ နေရာလောက်ကို ကစားနိုင်စွမ်း ရှိသူပါ ။ ”

” ခန္ဓာကိုယ် ဖွဲ့စည်းပုံလည်း ကောင်းပြီး ကြံ့ခိုင် သန်မာမှုလည်း ရှိပါတယ် ။ နောက်ပြီး မြန်လည်းမြန်ပါတယ် ၊ လိမ်ခေါက် ကျော်ဖြတ်မှုတွေလည်း ကောင်းပါတယ် ၊ သူက နေရာစုံ ကစားနိုင်တဲ့ ကစားသမား တစ်ဦးပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM