ချဲလ်ဆီး တိုက်စစ်မှူးဟောင်းဟာ အွန်နရီ ထက် ပိုကောင်းခဲ့တယ်လို့ ဆိုလိုက်တဲ့ အီတူး

ဘာစီလိုနာ အသင်း နဲ့ ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဆမ်မြူရယ် အီတူး က ဂန်းနား ဂန္တဝင် သီယာရီ အွန်နရီ ဟာ နီကိုလပ်စ် အနယ်ကာ ရဲ့ အဆင့်ကိုတောင် မရောက်ခဲ့တဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ပြင်သစ် တိုက်စစ်မှူးဟောင်း အွန်နရီ ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး အာဆင်နယ် အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ် ။

ကမ္ဘာ့ဖလားဆုရှင် အွန်နရီ ဟာ ၂၀၀၇ ခုနှစ်မှာတော့ အာဆင်နယ် အသင်း ကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ သွားခဲ့ပြီး အစပိုင်းမှာ ရုန်းကန် ခဲ့ရပေမယ့် နည်းပြ ဂွာဒီယိုလာ လက်အောက်မှာတော့ အရေးပါတဲ့ ကစားသမား အဖြစ် ကစားခွင့်ရကာ တစ်နှစ်တည်း ဖလား သုံးလုံး သိမ်းပိုက် နိုင်ခဲ့ပါတယ် ။

အီတူး နဲ့ အွန်နရီ တို့ နှစ်ဦးဟာ ဘာစီလိုနာ အသင်းမှာ နှစ်ရာသီကြာ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ပါတယ် ။ ဘာစီလိုနာ အပြင် အင်တာမီလန် ၊ ချဲလ်ဆီး ၊ အဲဗာတန် တို့မှာလည်း ကစားခဲ့ဖူးတဲ့ အီတူး ဟာ ဒီနေ့ မနက်ပိုင်း ပရိသတ်တွေကြားထဲ ပွဲဆူ သွားစေမယ့် စကားကို ပြောကြား ခဲ့ပါတယ် ။

” သီယာရီ အွန်နရီ က နီကိုလပ်စ် အနယ်ကာ အဆင့်တောင် မရောက်ခဲ့ဘူးလို့ ထင်ပါတယ် ၊ Titi(အွန်နရီ) က ကောင်းပါတယ် ၊ ဒါပေမယ့် သူ့ထက် ကောင်းတဲ့ တခြား ကစားသမားတွေကို ကျွန်တော် သိပါတယ် ၊ သူက ကျွန်တော်နဲ့ တန်းတူ အဆင့်မှာ မရှိခဲ့တာကတော့ သေချာပေါက် ပြောနိုင်ပါတယ် ။ ”

” ပြင်သစ် အတွက် မကစားခဲ့တာက ကျွန်တော့်အတွက် ကံကောင်းတယ် ဆိုရမလား ၊ ကံဆိုးတယ် ဆိုရမလားပါပဲ ။ ပြင်သစ် အတွက် ကစားတဲ့သူတွေက သူတို့မှာ ရှိတာထက် ၇၀ ရာခိုင်နှုန်းလောက် ပိုပြီး အောင်မြင် ထွန်းပေါက် နာမည်ကျော် ကြပါတယ်။ ”

” ဒီလို ဖြစ်တာက သူတို့ သန်မာ ကောင်းမွန်လွန်းတာကြောင့် မဟုတ်ပါဘူး ။ သူတို့ လူတွေကို ရေခံမြေခံကောင်းတွေဆီ ပို့ဆောင်တတ်တာကြောင့်ပါ ၊ ဒါကြောင့်လည်း သူတို့ရဲ့ အဆင့်အတန်း က မြင့်မား လာခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM