ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ကာ တုန့်ပြန် ပြောဆိုလာတဲ့ ဘရူနို ဂွီမားရေ့စ်

 

ချဲလ်ဆီး အသင်းဟာ လာမယ့်နှစ် နွေရာသီ စျေးကွက် အတွင်း ကွင်းလယ်လူအသစ် အနည်းဆုံး တဦး ဖြည့်တင်းဖို့ အခုကတည်းက ကြံရွယ်နေပြီး ၊ မကြာသေးခင်ကပဲ နယူးကာဆယ် အသင်းရဲ့ ဘရာဇီး ကွင်းလယ် ကြယ်ပွင့် ဘရူနို ဂွီမားရေ့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။

နယူးကာဆယ် ဟာ မနှစ်က အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ခဲ့အပြီး ၊ ဇန်နဝါရီ စျေးကွက် အတွင်း ယင်းဘရာဇီးသားကို လိုင်ယွန် အသင်းကနေ ပေါင်သန်း ၄၀နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။ ဒီတော့ ကလပ်ဖက်က ၄င်းကို လောလောလတ်လတ် ထုတ်ရောင်းဖို့ အစီအစဉ် လုံးဝ မရှိနေပါဘူး ။

 

အသက် ၂၄နှစ် အရွယ်ရှိ ဂွီမားရေ့စ် က ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အာဆင်နယ် အသင်းထံမှ အရင်ဆုံး ချိတ်ဆက်ခံခဲ့ရပေမယ့် ၊ အဆုံးမှာ ပြောင်းရွှေ့ကြေး ပိုပေးတဲ့ ခေတ်သစ် နယူးကာဆယ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီး ၊ အခုအချိန်မှာ ပုံစံကောင်းတွေ ပြသနေတဲ့ ကွင်းလယ်လူ တဦးလည်း ဖြစ်ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဂွီမားရေ့စ် က လက်ရှိ အချိန်မှာ နယူးကာဆယ် အတွက်က လွဲပြီး ကျန်တာ ခေါင်းထဲမှာ ရှိမနေကြောင်း တုန့်ပြန်ရင်း ၊ နယူးကာဆယ် ဂန္တဝင် တဦး ဖြစ်လာချင်တဲ့ အကြောင်းပါ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဂွီမားရေ့စ် က ” ကျွန်တော် နေအိမ် ရောက်နေသလို ခံစားရပါတယ် ။ ဒီမှာ ရရှိနေတဲ့ အတွေ့အကြုံတွေက အံ့သြစရာပါ ။ ဟုတ်ပါတယ် ။ တခါတလေတော့ နေအိမ်ကနေ စွန့်ခွာရတာ က ခက်ခဲပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီမှာ လူတိုင်းက ကျွန်တော့ကို မှတ်မိကြလို့ပါ ။ ”

” ဒါပေမယ့် ပရိသတ်တွေက အမြဲတမ်း ဖော်ရွေပြီး ၊ ချစ်ခင်စရာကောင်းသလို ၊ ကျွန်တော့ကို သာမက ကျွန်တော့ မိသားစုဝင်တွေကိုပါ နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ် ။ တခြား ထိပ်တန်း ကလပ်တွေက ကိုယ့်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ် ဆိုတာက အမြဲ ကောင်းပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ အလုပ်က နယူးကာဆယ် အတွက် အကောင်းဆုံး ကြိုးစားပေးဖို့ပါ ။ ကျန်တဲ့ ကိစ္စတွေကို ကျွန်တော့ အေးဂျင့်နဲ့ လွှဲထားပါတယ် ။ အသင်းနဲ့ စာချုပ် ၃ ၊ ၄နှစ်လောက် ကျန်သေးပြီး ၊ အနာဂတ်နဲ့ ပတ်သက်တဲ့ တခြား အကြောင်းအရာတွေကို လုံးဝ စိတ်ထဲမထားနေဘူး ဆိုတာ ကျွန်တော် ကျိန်ပြောရဲပါတယ် ။ ”

” လောလောဆယ်မှာ ကျွန်တော်ဟာ နယူးကာဆယ်နဲ့ ကမ္ဘာ့ဖလား ဆင်နွှဲခွင့်ရရေး အတွက်ပဲ အာရုံစိုက်နေပါတယ် ။ ရှေ့ဆက်ရမယ့် ခရီး အရှည်ကြီး ကျန်ပါသေးတယ် ။ ဒီမှာ ကစားရတာ ကျွန်တော် နှစ်သက်ပြီး ၊ ပရိသတ်တွေနဲ့ ဆက်ဆံရေးကိုလည်း သဘောကျပါတယ် ။ ဒီမှာ ကျွန်တော် ဂန္တဝင် တဦး ဖြစ်လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂွီမားရေ့စ် က ပရီးမီးယားလိဂ်မှာ ကစားရခြင်းနဲ့ ပတ်သက်ပြီးလည်း ” ပရီးမီးယားလိဂ်မှာ ကစားရဖို့ ဇာတာပါလာတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီက ပတ်ဝန်းကျင် ၊ ပြိုင်ဆိုင်မှုတွေကို ကျွန်တော် သဘောကျပါတယ် ။ ဒါဟာ ကမ္ဘာ့ အခက်ခဲဆုံးလိဂ် ဆိုတာ သေချာပါတယ် ။ ဘယ်ပွဲမှ လွယ်တယ် ဆိုတာ မရှိပါဘူး ။ ”

 

” ဒါပေမယ့် ခင်ဗျား ဒီမှာ ကောင်းကောင်း ကစားနိုင်ရင် ၊ ဘယ်ပြိုင်ပွဲမှာမဆို ခင်ဗျား ကစားနိုင်တယ်လို့ ထင်ဟပ်စေပါတယ် ။ ဒီကို ရောက်ရောက်ချင်း ရခဲ့တဲ့ ဖိအားဒဏ်တွေက ကျွန်တော့ကို အခုလို ကစားသမားမျိုး ဖြစ်လာအောင် ပုံသွင်းပေးခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR