ကွင်းလယ် တနေရာ အတွက် ပရီးမီးယားလိဂ် စတား တဦးကို ခေါ်ယူသွားဖို့ ချဲလ်ဆီးထံ တိုက်တွန်းလိုက်တဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ပေါင်သန်း ၂၅၀ကျော် သုံးစွဲခဲ့ပြီး ၊ နေရာ တော်တော်များများ ဖြည့်တင်းမှုတွေ လုပ်နိုင်ခဲ့ပါတယ် ။ ထိုအထဲမှာ ကွင်းလယ် အတွက် ဆယ်ကျော်သက် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ကာနီ ချူကွီမက်ကာနဲ့ ချက်ဆာရေး ကာဆာဒေးတို့လည်း အပါအဝင် ဖြစ်ပါတယ် ။

သို့ပေမယ့် လက်ရှိ ချဲလ်ဆီး ကွင်းလယ်မှာ ဝါရင့် ကစားသမား ၂ဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ ရှိနေရာ ၊ ၄င်းတို့ ၂ဦးမှာ ကန်တေက ဒဏ်ရာ ပြဿနာတွေနဲ့ လုံးပန်းနေသလို ၊ ဂျော်ဂျင်ဟိုကလည်း ပွဲဆက်များစွာ ကစားနေရတာကြောင့် ကြံ့ခိုင်မှု စံနှုန်း ပြည့်နေခြင်း မရှိပါဘူး ။

အထူးသဖြင့် ထို၂ဦးဟာ စာချုပ်ရဲ့ နောက်ဆုံးနှစ်ထဲ ရောက်ရှိနေတဲ့ အပြင် ၊ လစာ မြင့်မားမှုကြောင့် ချဲလ်ဆီးဖက်က စာချုပ် သက်တမ်း တိုးနိုင်ဖို့ ကြန့်ကြာလျက်ရှိပါတယ် ။ အကယ်၍ ၄င်းတို့ ၂ဦးထဲက တဦးဦးကို လာမယ့် နွေရာသီမှာ လက်လွှတ်ရမယ်ဆိုရင် ၊ ချဲလ်ဆီးတို့ ကွင်းလယ် ခံစစ် တနေရာ အတွက် ကြေးကြီးပေး ခေါ်ယူမှု တရပ် လုပ်ဖို့ လိုအပ်မှာ သေချာပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ကန်တေရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ ဝက်စ်ဟမ်း အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူသွားဖို့ ချဲလ်ဆီးထံ တိုက်တွန်းရင်း ၊ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးပြီးသား ဖြစ်ကြတဲ့ မောင့်နဲ့ ရိုက်စ် အတွဲကို ချဲလ်ဆီးမှာ ကစားတာ မြင်ချင်ကြောင်း ဖွင့်ဟလာပါတယ် ။

FairBettingSites နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ချဲလ်ဆီးမှာ ထပ်ပြီး ဖြည့်တင်းစရာ ကျန်တဲ့ နေရာဆိုလို့ ကွင်းလယ်ပဲ ရှိပါတော့တယ် ။ သူတို့ဟာ အန်ဂိုလို ကန်တေရဲ့ နေရာမှာ ရေရှည် အစားထိုးပေးနိုင်မယ့် ကစားသမား တဦး ခေါ်ယူရပါမယ် ။ ကန်တေဟာ ၄လကျော် အနားယူရမှာ ဖြစ်ပြီး ၊ ဂျော်ဂျင်ဟိုဟာ ကြီးကျယ်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ၊ ခံစစ်အားသန်တဲ့ ကွင်းလယ်လူ မဟုတ်ပါဘူး ။ ”

” မတ်တီယို ကိုဗာဆစ်ကတော့ ကစားသမားကောင်း တယောက် ဖြစ်ပြီး ၊ သူ့ အခန်းကဏ္ဍမှာ တာဝန် ကျေပွန်ပေမယ့် ၊ သူနဲ့ အတူ တွဲကစားမယ့် ကွင်းလယ်လူ တဦး လိုပါတယ် ။ ကျွန်တော့ အတွက်တော့ ကန်တေ နေရာ ရေရှည် ဖြည့်ပေးမယ့် ကစားသမား က ဒက်ကလန်ရိုက်စ် ဖြစ်ပါတယ် ။ ”

” နောက်နှစ် ကန်တေ အသင်းပြောင်းဖြစ်ခဲ့မယ်ဆိုရင် အခြေအနေ က စိတ်ဝင်စားစရာ ကောင်းလာမှာပါ ။ ဒီလိုသာ ဖြစ်လာရင်တော့ ချဲလ်ဆီးတို့ ဝက်စ်ဟမ်းကနေ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားတာ ကျွန်တော် မြင်ချင်ပါတယ် ။ ”

” မေဆင်မောင့်နဲ့ ဒက်ကလန်ရိုက်စ်တို့ ချဲလ်ဆီးမှာ အတူ တွဲကစားတာကို မြင်ယောင်ကြည့်ရင်း ကျွန်တော် ကြက်သီးတွေ ထမိပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကော့ဘ်ဟမ်း အကယ်ဒမီထွက်တွေ ဖြစ်ပြီး ၊ ဒါကို ချဲလ်ဆီး ပရိသတ်တွေက မြင်ချင်လို့ပါပဲ ။ ”

” မန်ချက်စတာယူနိုက်တက်ဆိုရင် အခုနောက်ပိုင်း အခြား ကလပ်တွေက ကြယ်ပွင့်တွေကို စျေးကြီးပေး ခေါ်ယူနေပါတယ် ။ ဒီပေါ်လစီက လွဲမှားနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ အရင်က ကြီးကျယ် ခမ်းနားတဲ့ အခိုက်အတန့်တွေကို ပြန်ကြည့်ရင် နဗီးလ်ညီနောင် ၊ ဘက်ခမ်း ၊ စခိုးလ် ၊ ဂစ်စ် အစရှိတဲ့ ကစားသမားတွေဟာ အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ၊ အသင်းရဲ့ အဓိက ကျောထောက်နောက်ခံတွေ ဖြစ်ခဲ့ကြတာကို သူတို့ အနေနဲ့ မှတ်မိဖို့ လိုပါတယ် ။ ”

” ချဲလ်ဆီးကတော့ အဲဒီခေတ်မှာ ဂျွန်တယ်ရီ တယောက်ပဲ ပေါက်ပေါက်မြောက်မြောက် ရှိခဲ့ပါတယ် ။ အခု ဒက်ကလန်ရိုက်စ်ဟာ ချဲလ်ဆီး အကယ်ဒမီထွက် ဖြစ်ပြီး ၊ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြထားပါတယ် ။ ဒါပေမယ့် သူဟာ မေဆင်မောင့် ၊ ကော်နာ ဂေါ်လဂါတို့လို ချဲလ်ဆီးမှာ ရှိသင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR