PSV ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက အာဆင်နယ် ကစားသမားလေးဦး ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်လိုက်ကြတဲ့ ဂျိုကိုးလ် နဲ့ မာတင်ကီယွန်

 

ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်းဟာ မနေ့က ညပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် (၅) မှာ နယ်သာလန် ကလပ် ပီအက်စ်ဗွီ အသင်းကို နှစ်ဂိုး ဂိုး မရှိ နဲ့ အရေးနိမ့် သွားခဲ့ရပါတယ် ။

ဂန်းနား တို့ဟာ အုပ်စု ပထမရဖို့ ပီအက်စ်ဗွီ ဆီက သရေ တစ်မှတ်သာ ရဖို့ လိုအပ်ပေမယ့် ဗီယာမန်း ၊ လုခ် ဒီယွန်း တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ နောက်ဆုံး ပွဲစဉ်မှာ ဇူးရစ်ချ် ကို အနိုင်ရမှပဲ အုပ်စု ပထမနဲ့ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်လှမ်း နိုင်တော့မှာ ဖြစ်ပါတယ် ။

 

PSV နဲ့ ပွဲအပြီးမှာ BT Sports ရဲ့ဝေဖန်သုံးသပ်သူတွေ ဖြစ်ကြတဲ့ မာတင်ကီယွန် နဲ့ ဂျိုကိုးလ် တို့ဟာ အာဆင်နယ် အသင်း ကစားသမားတွေ ဖြစ်ကြတဲ့ ဟိုးလ်ဒင်း ၊ လိုကွန်ဂါ ၊ ရမ်စ်ဒေးလ် နဲ့ တီယာနေး တို့ရဲ့ စွမ်းဆောင်ရည် ကို ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။

ကီယွန် က BT Sports ” တကယ့်ကို စိတ်ပျက်စရာပါပဲဗျာ ၊ သူတို့ အဝတ်လဲခန်းအတွင်းမှာ ဒီနေ့ ရှုံးပွဲ အတွက် နာကျင် ခံစား နေရပါလိမ့်မယ် ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က ဒီနေ့ တစ်ပွဲလုံး ဒုတိယ အကောင်းဆုံးပဲ ဖြစ်နေခဲ့တာပါ ။ အာဆင်နယ် မှာ ဒါကို ဖြေရှင်းဖို့ ဘာအဖြေမှ မရှိခဲ့ပါဘူး ၊ ကွင်းအတွင်း atmosphere ကလည်း သူတို့ အတွက် ကစားရ ခက်ခဲ ခဲ့ပါတယ် ။ ”

” ပေးလိုက်ရတဲ့ ဂိုးတွေမှာ လည်း အာဆင်နယ် အသင်းရဲ့ ညံ့ဖျင်းမှုတွေကို တွေ့ရပါတယ် ။ ရှေ့ပွဲတွေမှာ သူတို့ ကစားတာကို ကြည့်ရတာ သိပ်ကောင်းခဲ့တာကြောင့် အရမ်းကြီးတော့ မဝေဖန်ချင်ပါဘူး ၊ ပရိသတ်တွေ အားလုံး စိတ်လှုပ်ရှား နေခဲ့ကြတာပါ ၊ ဒါပေမယ့် ဒီနေ့ ခြေစွမ်း အရတော့ အများကြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ် ။ ”

” ပထမဂိုးမှာဆို ဟိုးလ်ဒင်း က ကိုယ့်ဂိုးနားမှာပဲ နေပြီး ဒီယွန်း ကို တားစီးဖို့ လုပ်ရမှာပါ ။ လိုကွန်ဂါ ဆိုလည်း ဘောလုံး ကို block လုပ်လိုက်ရမယ့် တာဝန်ကို ပျက်ကွက် ခဲ့ပါတယ် ။ ဒုတိယဂိုးမှာဆို တီယာနေးက ဒီယွန်း ကို လူကပ် နေတာပါ ၊ အဲ့အချိန် ကျွန်တော် TV ကနေ လှမ်းအော်နေတာပါ ၊ ဒီယွန်း က ကပ်ရမယ့်သူက တီယာနေး မဖြစ်သင့်ဘူး ဆိုပြီးပေါ့ ။ ”

” ရမ်စ်ဒေးလ် က ကူဖို့ ရောက်လာခဲ့ပေမယ့် သူ့ရဲ့ ပုတ်ထုတ်မှုကလည်း မှန်ကန် ကောင်းမွန်ခဲ့ခြင်းမရှိပါဘူး ။ တီယာနေး က ဒီယွန်း ကို ဘာကြောင့် လူကပ် ကစားနေတာလည်း နားမလည် နိုင်အောင်ပါပဲဗျာ ၊ ကျွန်တော်သာ ဟိုးလ်ဒင်း နေရာမှာဆိုရင် တီယာနေး ကို ကူညီ ပေးမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂျိုကိုးလ် ကလည်း မာတင်ကီယွန် ရဲ့ ပြောစကားကို ထောက်ခံ ခဲ့ပြီး ပထမဂိုးက လိုကွန်ဂါ ၊ ဟိုးလ်ဒင်း တို့ရဲ့ အမှားနဲ့ မကင်းဘူးလို့ ဆိုလိုက်ပြီး ဒုတိယဂိုးကတော့ တီယာနေး ၊ ရမ်စ်ဒေးလ် တို့ရဲ့ အားနည်းချက်ကြောင့်လို့ ဆိုသွား ခဲ့ပါတယ် ။

SM