၉ပွဲဆက် ရှုံးပွဲမရှိထားတဲ့ ဂရေဟမ် ပေါ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ အချက် တချက်ကို ထောက်ပြလာတဲ့ ဒန်နီမာဖီ

 

ချဲလ်ဆီး အသင်းဟာ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက် ပြိုင်ပွဲစုံ ၉ပွဲ ကစားထားရာ ၊ ၆ပွဲနိုင် ၃ပွဲသရေ ရှုံးပွဲမရှိ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားကာ ၊ မကြာသေးခင်ကပဲ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်သို့ အုပ်စု E ရဲ့ ဗိုလ်နေရာနဲ့ တက်လှမ်းထားနိုင်ခဲ့ပါတယ် ။

ဂရေဟမ် ပေါ်တာ ဟာ ချဲလ်ဆီးကို ရောက်လာတာ တလခွဲသာ ရှိသေးတာကြောင့် ကစားသမားတိုင်းနီးပါး အခွင့်အရေး ပေးထားပြီး ၊ သင့်လျော်မယ့် ကစားကွက် ၊ နည်းစနစ်တွေနဲ့ မကြာခဏ အပြောင်းအလဲလုပ်ကာ ၊ စမ်းသပ် အသုံးပြုနေတာကို မြင်တွေ့ထားရပါတယ် ။

အခုအချိန် အထိ ပေါ်တာ ဟာ ၃ယောက်တန်း ပုံစံနဲ့ ၃ – ၄ – ၃ ၊ ၃ – ၅ – ၂ ၊ ၄ယောက်တန်း ပုံစံနဲ့ ၄ – ၃ – ၃ ကစားကွက်တွေကို ချဉ်းကပ် အသုံးပြုထားပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ဆဲလ်ဇ်ဘာ့ဂ် နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာဆို ပေါ်တာဟာ False wing-back ၂ဦး စမ်းသုံးခဲ့ပြီး ၊ တိုက်စစ် အသားပေး ကစားသမား များစွာ ပွဲထုတ်ခဲ့ပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ အကောင်းဆုံး အသင်းတွေဟာ ကစားကွက် တခုတည်း တသမတ်တည်း အသုံးပြုကြကြောင်း မကြာခဏ နည်းစနစ် ၊ ကစားကွက် အပြောင်းအလဲ လုပ်နေတဲ့ ဂရေဟမ် ပေါ်တာထံ အခုလိုပဲ မက်ဆေ့ခ်ျပေးသွားခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ မာဖီ က ” ဂရေဟမ် ပေါ်တာနဲ့ ပတ်သက်ပြီး ကျွန်တော့ကို စိုးရိမ်မိစေတဲ့ အရာ တခုက ကစားကွက် အတည်တကျ မရှိခြင်းပါ ။ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ အကောင်းဆုံး အသင်းတွေဟာ ကစားကွက် တခုတည်းကို ကျွမ်းကျွမ်းကျင်ကျင် ဆရာကျကျ တရာသီလုံး သုံးပြကြတာပါ ။ ”

” ခင်ဗျားဟာ အဲဒီ အသင်းတွေကို ကြည့်လိုက်တိုင်း သူတို့ ဘာကစားကွက်နဲ့ ကစားတယ် ဆိုတာ ချက်ချင်း တပ်အပ် ပြောနိုင်ပါတယ် ။ ရှုံးပွဲမရှိ ချန်ပီယံ အာဆင်နယ်ဆို ၄ – ၄ – ၁ – ၁ ၊ အန်တိုနီယို ကွန်တီ လက်ထက်က ချဲလ်ဆီးဆို ၃ – ၄ – ၃ ၊ ဆာအဲလက်စ် ဖာဂူဆန်ခေတ် မန်ယူနိုက်တက်ဆို ၄ – ၄ – ၂ ၊ ပြီးခဲ့တဲ့ နှစ်တွေက မန်စီးတီး ၊ လီဗာပူးတို့ဆို ၄ – ၃ – ၃ စသဖြင့် တွေ့ထားရပါတယ် ။ ”

” လောလောဆယ် ဂရေဟမ် ပေါ်တာ ကစားကွက် ခဏခဏ ပြောင်းနေတာကို နားလည်ပေးလို့ ရပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ကစားသမားတွေနဲ့ လိုက်ဖက်မယ့် ကစားကွက်ကို စမ်းသပ် အသုံးပြုနိုင်ဖို့ ကြိုးစားနေရလို့ပါ ။ ဒါပေမယ့် အချိန် ကြာလာတာနဲ့ အမျှ သူတို့ကို ကစားကွက် တသမတ်တည်း ရှိတဲ့ အသင်းအဖြစ်နဲ့ပဲ ကျွန်တော် မြင်ချင်ပါတယ် ။ ”

” အကောင်းဆုံး အသင်းတွေဟာ ခြေစွမ်း အပြနိုင်ဆုံး ကစားကွက်မှာပဲ ယုံကြည်မှု ရှိကြပါတယ် ။ လောလောဆယ်မှာတော့ ကစားသမားတိုင်းက သူနဲ့ ဆက်ဆံရေးကောင်း တခု တည်ဆောက်ချင်ကြသလို ၊ သူ အသင်းနဲ့ ပတ်သက်ပြီး ဘာလုပ်ချင်လဲ ဆိုတာ သိချင်ကြပါတယ် ။ ”

” တခါတလေမှာတော့ ထိပ်တန်း ကစားသမားတွေက ကိုင်တွယ်ရ ခက်ပါတယ် ။ ဒါကို ရှေ့လျှောက် ခရီးမှာ သူ ရှာတွေ့လာပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ သူဟာ ထက်မြက်တဲ့ မန်နေဂျာ တယောက် ဖြစ်လို့ပါ ။ ထိပ်တန်း ကစားသမားတွေဟာ နည်းစနစ် ၊ ကစားကွက် အပြောင်းအလဲ ခဏခဏ လုပ်တာ မကြိုက်ကြပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR