အုပ်စုပထမနေရာအတွက် စပိန်မြေကိုလာခဲ့မယ်လို့ ရီးရဲဆိုဆီဒက် ကို ရက်ဖိုဒ့် သတိပေးပြောဆို

 

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် က အသင်းသားတွေဟာ စပိန်မြေကို သွားရောက်ပြီး ရီးရဲ ဆိုဆီဒက် ကို အနိုင် ကစားကာ အုပ်စု ပထမ နေရာနဲ့ ပိတ်သိမ်း နိုင်ဖို့ အတွက် အားခဲနေပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် ဟာ မနေ့က ကစားတဲ့ ပွဲမှာ ရှရစ် အသင်းကို အနိုင်ယူပြီး အုပ်စု အဆင့်ကနေ နောက်တဆင့် တက်နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ချန်ပီယံလိဂ် ကနေ ဆင်းလာမယ့် အသင်းတွေနဲ့ ၃၂ သင်းဆင့် မကစားရဘဲ ၁၆ သင်းဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ ဆိုရင်တော့ အုပ်စု ပထမ နေရာ ရရှိဖို့ လိုအပ်လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အဖွင့် ပွဲတုန်းက ဆိုဆီဒက် ကို ရှုံးနိမ့် ထားခဲ့မှုကြောင့် လက်ရှိမှာ စပိန် ကလပ် အောက် ၃ မှတ် အကွာနဲ့ ဒုတိယ နေရာမှာသာ ရပ်တည်နေပါတယ် ။

 

ဒါကြောင့် ယူနိုက်တက် အနေနဲ့ လာမယ့် ပွဲစဉ်မှာ ဆိုဆီဒက် ကို မဖြစ်မနေ အနိုင် ကစားနိုင်မှသာ ၁၆ သင်းဆင့် အတွက် အာမခံချက် ရရှိမှာပါ ။

မနေ့ညက ပွဲမှာ ယူနိုက်တက် အတွက် လူစားဝင် ကစားခဲ့ပြီး ဂိုးသွင်း နိုင်ခဲ့တဲ့ ရက်ဖိုဒ့် ကတော့ သူတို့ ဟာ စပိန်မြေကို သွားဖို့ အဆင်သင့် ဖြစ်နေပါပြီလို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

“စပိန်ကို သွားပြီး ရီးရဲ ဆိုဆီဒက် ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ ။ အနည်းဆုံး ၂ ဂိုးလောက်နဲ့ နိုင်မှ အုပ်စု ပထမ နေရာအတွက် အာမခံချက် ရှိမှာပါ ။ ဒါကို လုပ်နိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိပါတယ် ။ အခွင့်အရေးတွေ ဖန်တီးမယ် ၊ အခုထက် ပိုပြီး အဆုံးသတ်ကောင်းအောင် လေ့ကျင့်မယ် ၊ ဂိုးလည်း ပြန်မပေး ရအောင် ကြိုးစားမယ် ။ ဒီပွဲက ခက်ခဲမှာပါ ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်က အဆင်သင့် ဖြစ်နေပါပြီ”

 

“နည်းပြ တယောက် ပြောင်းသွားတိုင်းမှာ ကစားကွက်သစ် ၊ ကစားပုံသစ်တွေနဲ့ အသားကျဖို့ အချိန်ပေးပြီး ကြိုးစားမှုတွေ လိုအပ်ပါတယ် ။ အခု အသင်းက ဒီပြောင်းလဲမှုတွေနဲ့ အသားကျ သွားပြီလို့ ထင်ပါတယ် ။ တိုက်စစ် ကစားတာ ၊ ခံစစ် ကစားတာတွေမှာ အရင်ကထက် ပိုကောင်း လာတယ်လို့ ခံစားမိ လို့ပါပဲ” လို့ ရက်ဖိုဒ့် က ပြောဆို သွားခဲ့ ပါတယ် ။

စပါးနဲ့ ပွဲတုန်းက နည်းပြကြီး အဲရစ် တန်ဟတ် နဲ့ ကတောက်ကဆ ဖြစ်ကာ ချဲလ်ဆီး နဲ့ပွဲကနေ ချန်လှပ် ခံခဲ့ရတဲ့ တိုက်စစ်မှူးကြီး ရိုနယ်ဒို ဟာ မနေ့ညက ပွဲမှာ ပွဲထွက် စာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပြီး တတိယမြောက် ဂိုးကို သွင်းယူပေး သွားခဲ့ ပါတယ် ။

အဆိုပါပွဲမှာ တန်ဟတ် ဟာ လူငယ်လေး ဂါနာချို ကိုလည်း ဘယ်တောင်ပံ မှာ ပွဲထုတ် သွားခဲ့ပြီး ဒုတိယပိုင်း အရောက်မှာတော့ ရက်ဖိုဒ့် နဲ့ လူစားလဲ ကစားသွားခဲ့ ပါတယ် ။

တန်ဟတ် ကတော့ ဂါနာချို အနေနဲ့ စီနီယာ အသင်းကြီးမှာ ကစားခွင့် ရရှိဖို့ ကို စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်းဖို့ လိုအပ်ကြောင်း ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

 

“ကောင်လေး ( ဂါနာချို ) ဒီည ကစားသွားတာ ကောင်းပါတယ် ။ သူ့ဆီက မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ။ အရင် အပတ်တွေ တည်းက သူ ဝင်ကစားခွင့် ရဖို့ ထိုက်တန်ခဲ့တာပါ ။ လူငယ် တယောက် အတွက်တော့ ဒီလို နေရာရဖို့ စောင့်ရတာ အခက်အခဲ တခုပါပဲ ။ ဂါနာချို အတွက် ဒီရာသီဟာ ခက်ခဲချင် ခက်ခဲ ခဲ့မှာပါ”

“ကျွန်တော်လည်း သူ့အတွက် မပျော်ရွှင် ခဲ့ပါဘူး ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် လောက်ကစပြီး သူ့ရဲ့ ခံယူချက်တွေ ၊ အားထုတ်မှုတွေ တိုးတက်လာခဲ့ ပါတယ် ။ ဒီအတွက် ကျွန်တော် ပျော်ရွှင် ရပါတယ် ။ သူ ဘောလုံးနဲ့ ဘာလုပ်နိုင်လဲ ဆိုတာ အခု အားလုံး မြင်တွေ့ ခဲ့ကြပါပြီ ။ သူ့အနေနဲ့ အခွင့်အရေးကို စောင့်ဖို့ပဲ လိုအပ်တာပါ” လို့ တန်ဟတ် က ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ တနင်္ဂနွေ မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာ ဧည့်ခံ ရမှာ ဖြစ်ပြီး အဲ့ဒိ ပွဲအပြီးမှာတော့ အရေးပါတဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR