လာမယ့်နှစ် နွေရာသီမှာ ပေါင်သန်း ၁၀၀ တန် တိုက်စစ်ကြယ်ပွင့် တဦးကို ခေါ်ယူသွားဖို့ ချဲလ်ဆီးထံ တိုက်တွန်းလိုက်တဲ့ ဖရန့် လီဘို့ဖ်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ပေါင်သန်း ၂၀၀ ကျော် သုံးစွဲကာ ၊ ကစားသမားသစ် ၈ဦး အထိ ခေါ်ယူခဲ့ပြီး ၊ လာမယ့် နှစ်နွေရာသီမှာလည်း ကစားသမားသစ်တွေ အတွက် ငွေကြေး သုံးစွဲမှု ရပ်တန့်မယ့်ပုံ မပေါ်နေပါဘူး ။

အခုကတည်းက ချဲလ်ဆီးဟာ လိုက်ပ်ဇစ် အသင်းမှ ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ခရိုအေးရှား လက်ရွေးစင် လူငယ် ခံစစ်မှူး ယော်စကို ဗာဒီယိုးလ်နဲ့ တိုက်စစ် နေရာစုံ ကစားပေးနိုင်တဲ့ ပြင်သစ် စတား ခရစ်တိုဖာ အန်ကန်ကူတို့ကို နောက်နှစ် နွေရာသီမှာ တခါတည်း ခေါ်ယူနိုင်ဖို့ ကြိုတင် ကြိုးပမ်းမှုတွေ လုပ်ထားပါတယ် ။

ဝါရင့် ကစားသမား အချို့ရဲ့ နေရာ အတွက် ရေရှည် အစားထိုးပေးနိုင်မယ့် တက်သစ်စ ကြယ်ပွင့်တွေကို ချဲလ်ဆီးတို့ ပစ်မှတ်ထားလျက် ရှိပါတယ် ။ တဖက်မှာ ပြီးခဲ့တဲ့ နွေတတွင်း ရီးရဲလ်မက်ဒရစ်နဲ့ သတင်း ကျယ်ကျယ်လောင်လောင် ထွက်ခဲ့တဲ့ ပီအက်စ်ဂျီ စူပါစတား ကီလီယန် အမ်ဘတ်ပေဟာ လာမယ့် ဇန်နဝါရီ အသင်းပြောင်းဖို့ အလိုရှိနေတယ်လို့ သတင်းတွေ ထွက်လာဖူးပါတယ် ။

အမ်ဘတ်ပေ ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ထားတာကြောင့် လက်တွေ့မှာ ၄င်းကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူမယ့် အသင်းကြီး များများစားစား ရှိမနေပါဘူး ။ ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ၄င်းရဲ့ အသင်းဟောင်းကို အမ်ဘတ်ပေအား ခေါ်ယူဖို့ အခုလိုပဲ တိုက်တွန်းခဲ့ပါတယ် ။

FairBettingSites နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ပီအက်စ်ဂျီမှာ သူ့ အနာဂတ် မမြင်ရတော့ဘူးလို့ ကီလီယန် အမ်ဘတ်ပေ ထုတ်ပြောခဲ့တာကို ကျွန်တော် ကြားခဲ့ရတဲ့ အခါ ၊ ချဲလ်ဆီးက သူ့ကို စတမ်းဖို့ဒ်ဘရစ်ခ်ျဆီ ခေါ်ဆောင်ဖို့ ကြိုးစားမယ့် အနေအထားကို ဘယ်အရာကမှ ရပ်တန့်ရမှာ မဟုတ်ဘူးလို့ ကျွန်တော် တွေးဆခဲ့ပါတယ် ။ ”

” သူသာ ပီအက်စ်ဂျီက ထွက်ခွာဖြစ်ခဲ့ရင် တော့ဒ်ဘိုလီ က ပေါင်သန်း ၁၀၀ကို စားပွဲပေါ် တင်ပြီး ‘ ‘ မင်းပြောင်းလာမလား ၊ မပြောင်းဘူးလား ‘ ဆိုပြီး ပြတ်ပြတ်သားသား ပြောမှာ ကျွန်တော် မြင်ယောင်ပါသေးတယ် ။ ဘာလို့လဲဆိုတော့ လက်ရှိမှာ သူ့ကို လက်တွေ့ဆန်ဆန် ခေါ်ယူနိုင်မယ့် တခြား ကလပ်တွေကို ကျွန်တော် သတိမထားမိလို့ပါ ။ ”

” လူတွေက ရီးရဲလ်မက်ဒရစ်က အမ်ဘတ်ပေကို ခေါ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ ပြောကြပါတယ် ။ ဒါပေမယ့် သူတို့မှာ အထောင်တိုက်စစ် အတွက် ကာရင် ဘန်ဇီမာ ရှိနေပြီး ၊ ဘယ်တောင်ပံမှာ ဗင်နီးဆီးယပ်စ် ဂျူနီယာ ရှိနေသလို ၊ ညာတောင်ပံမှာ ရိုဒရိုင်ဂို ရှိနေပါတယ် ။ ”

” ဒီတိုက်စစ် အတွဲက မီးတောက်နေတာကြောင့် ကျွန်တော်ကတော့ အခုအချိန်မှာ အမ်ဘတ်ပေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ မမြင်မိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အမ်ဘတ်ပေ ကိုယ်တိုင်ကတော့ ယခုလ အစပိုင်းကပဲ ထိုကောလဟလ အကြောင်းတွေအပေါ် အခုလိုပဲ ငြင်းဆန်ခဲ့ဖူးပါတယ် ။

အမ်ဘတ်ပေ က ” ကျွန်တော် ဒီမှာ အရမ်း ပျော်ရွှင်နေပါတယ် ။ လာမယ့် ဇန်နဝါရီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ကျွန်တော် လုံးဝ မတောင်းဆိုခဲ့ပါဘူး ။ ဘာလို့ ဒီသတင်းတွေ ထွက်လာတာလဲ ဆိုတာ ကျွန်တော်လည်း နားမလည်နိုင်ပါဘူး ။ ”

” လူတိုင်းလိုပဲ ကျွန်တော်လည်း အံ့အားသင့်နေတာပါ ။ လူတွေကတော့ ဒီကိစ္စမှာ ကျွန်တော် ပါနေတယ် ဆိုပြီး ပြောကောင်းပြောကြမှာပါ ။ ဒါပေမယ့် ကျွန်တော် ဒီအထဲ လုံးဝမပါရပါဘူး ။ ” လို့ တုန့်ပြန်ခဲ့ပါတယ် ။

SPORTS MYANMAR