ယူရိုပါလိဂ် ပြိုင်ပွဲကို ချန်ပီယံလိဂ်က အသင်းကြီးတွေ ဆင်းလာကြတဲ့ အပေါ် မှတ်ချက် ပေးလိုက်တဲ့ အာတေတာ

အာဆင်နယ် နည်းပြ အာတေတာ က ဒီနှစ် ယူရိုပါလိဂ် ရှုံးထွက် အဆင့် ပွဲစဉ် တွေဟာ အရင်တုန်းက တစ်ခါတုန်းမှ မကြုံ ခဲ့ဖူးတဲ့ အခြေအနေမျိုး ဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပြီး သူတို့ အသင်းအတွက် စိန်ခေါ်မှု ကြီးကြီးမားမား တစ်ခု ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီကြားရက်မှာ အုပ်စုတွင်း အဓိက ပြိုင်ဘက် ပီအက်စ်ဗွီ အသင်းကို ရှုံးနိမ့် သွားခဲ့တာကြောင့် နောက်ဆုံးပွဲဖြစ်တဲ့ ဇူးရစ်ချ် နဲ့ ပွဲမှာ အနိုင်ရမှ အုပ်စု ပထမ နဲ့ ၁၆ သင်း အဆင့် တက်ဖို့ သေချာ သွားမှာ ဖြစ်ပါတယ် ။

ယူရိုပါလိဂ် ပြိုင်ပွဲမှာ အုပ်စု ပထမရတဲ့ အသင်းတွေဟာ ၁၆ သင်း အဆင့်မှာ ကြိုစောင့် နေရမှာ ဖြစ်ပြီး ဒုတိယ ရတဲ့ အသင်းတွေကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အုပ်စု တတိယရပြီး ယူရိုပါလိဂ် ပြိုင်ပွဲကိုဆင်းလာတဲ့ အသင်း ၈ သင်း နဲ့ play-off ကစားရမှာ ဖြစ်ပါတယ် ။

ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာ ၊ အိုင်းယက်စ် ၊ အက်သလက်တီကို မက်ဒရစ် တို့လို အသင်းကြီးတွေဟာ ယူရိုပါလိဂ် ပြိုင်ပွဲကို ရောက်လာ ဖို့ ရှိနေပြီး တခြား အသင်းကြီးတွေလည်း ထပ်မံ ရောက်လာဖွယ် ရှိပါတယ် ။

ဒါကြောင့် အုပ်စု ဒုတိယသာရရင် အသင်းကြီးတွေ နဲ့ ရင်ဆိုင် ကစားရဖွယ် ရှိနေတာကြောင့် ပွဲကြပ်ဖွယ် ရှိနေပါတယ် ။ အာဆင်နယ် နည်းပြ အာတေတာ က ပီအက်စ်ဗွီ နဲ့ ပွဲ အပြီးမှာ ယူရိုပါလိဂ် ပြိုင်ပွဲကို ဆင်းလာတဲ့ အသင်းကြီး တွေနဲ့ ပတ်သက်ပြီး ခုလို ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်တို့ သိထားပါတယ် ၊ ရလဒ်တွေကိုလည်း သိထားပါတယ် ၊ ဘယ်သူတွေ ရောက်လာကြသလဲ ဆိုတာကိုပေါ့ ၊ ယူရိုပါလိဂ် ပြိုင်ပွဲက အရင်တုန်းက မကြုံခဲ့ဖူးတဲ့ အနေအထားမျိုး အဆင့်အတန်းမျိုး ရောက်လာ ခဲ့ပါပြီ ၊ ကျွန်တော်တို့ အတွက် စိန်ခေါ်မှုပါပဲ ။ ”

” ပွဲစဉ် ဇယား အရ ကျွန်တော်တို့ တစ်ရက်တောင်မှ အနား မယူရသေးပါဘူး ၊ ယူရိုပါလိဂ် ပြိုင်ပွဲမှာ အနိုင်ရဖို့ ဘယ်လောက် အထိ ခက်ခဲ သလဲဆိုတာ သိနေတာကြောင့်ပါ ၊ တခြား အုပ်စုတွေကို ကြည့်ပြီး ဘယ်အသင်းတွေ ဘယ်နေရာ တွေ ရောက်နေသလဲ ဆိုတာ ကြည့်ကြည့်ပါ ။ ”

” ကျွန်တော်တို့ရဲ့ လက်ရှိ အနေအထား က ကောင်းပါတယ် ၊ ကျွန်တော်တို့ လေးပွဲ အထိ အနိုင် ရထားပါတယ် ၊ အိမ်ကွင်း မှာ ကစားရမယ့် ဇူးရစ်ချ် နဲ့ ပွဲမှာ ကိုယ်လုပ်ရမယ့် အလုပ်ကို ကောင်းကောင်း အဆုံးသတ်ပြီး နောက်တစ်ဆင့် တက်နိုင်ရေး ပြင်ဆင်ရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM