ဗာဂျယ် ဗန်ဒိုက်ကြောင့် ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ ကစားသမား ဘဝ ပြီးဆုံးလုနီးပါး ဖြစ်ခဲ့ကြောင်း သုံးသပ်လိုက်တဲ့ အီယန်ရိုက်

ချဲလ်ဆီး အသင်းရဲ့ လက်ရှိ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာတဲ့ ကီပါ အရီဇာဘာလာဂါ ဟာ အခုလို နေရာမျိုး ပြန်ရောက်လာဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ ရာသီ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ချဲလ်ဆီးကို ရောက်လာခြင်းဟာ ကီပါက အရန်ခုံ ပို့လိုက်သလို ဖြစ်သွားစေခဲ့ပါတယ် ။

ယခင် နည်းပြဟောင်း သောမတ်စ် တူချယ် လက်ထက် မတိုင်ခင် ကတည်းက ကီပါ က ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ်နဲ့သာ ရပ်တည်ခဲ့ရပြီး ၊ ယခုနှစ် ရာသီ ကံအကျိုးပေးတာကြောင့် နည်းပြ အပြောင်းအလဲ ဖြစ်တဲ့ အချိန် ကီပါ တယောက် အခွင့်အရေးတွေ ပြန်ရခဲ့ပါတယ် ။

ဒါ့အပြင် မန်ဒီက လက်စွမ်းလည်းကျ ၊ ဒဏ်ရာလည်း ရခဲ့တာကြောင့် ကီပါ ဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ အတွက် မဖြစ်မနေ ရွေးချယ်စရာ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာပါတယ် ။ သို့ပေမယ့် ကီပါ ဟာ ရတဲ့ အခွင့်အရေးတွေကို အပြည့်အဝ အသုံးချထားပြီး ၊ နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက် ကမ္ဘာ့အဆင့် လက်စွမ်းတွေ ပြသထားပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ ပြီးခဲ့တဲ့ ရာသီ ကာရာဘောင် ဖလား ဖိုင်နယ်က လီဗာပူး ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ရဲ့ ပင်နယ်တီ ကန်ချက်ဟာ ကီပါ ဖမ်းတဲ့ဖက်ကို ဂိုးဝင်သွားတဲ့ အတွက် ယင်းစပိန်သား အပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိခဲ့ပြီး ၊ ကစားသမား ဘဝ အဆုံးသတ်လုနီးနီး ဖြစ်စေခဲ့ကြောင်း သုံးသပ်ခဲ့ပါတယ် ။

Wrighty’s House Podcast မှာ အီယန်ရိုက် က ” ကျွန်တော် ကီပါ အကြောင်း တခုလောက် ပြောလို့ ရမလား ? သူ ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရတဲ့ အခိုက်အတန့်တွေထဲမှာ ဝင်ဘလေဖိုင်နယ် က ဗာဂျယ် ဗန်ဒိုက်ရဲ့ ပင်နယ်တီ က အထွတ်အထိပ်ပါပဲ ။ ဒီ ပင်နယ်တီဟာ ကီပါရဲ့ ကစားသမား ဘဝကို အဆုံးသတ်လုနီးနီး ဖြစ်ခဲ့ပါတယ် ။ ”

” ဒီအခိုက်အတန့်မျိုးတွေဟာ တော်ရုံတန်ရုံ ကစားသမားတွေရဲ့ ဘဝကို အဆုံးသတ်သွားစေတတ်ပါတယ် ။ အထူးသဖြင့် ဂိုးသမား တယောက် အတွက်ပေါ့ ။ အဲဒီအချိန်တုန်းက ကီပါရဲ့ အရှိန်အဝါ က ထိုးဆင်းသွားခဲ့တာကြောင့် ၊ လူတွေဟာ သူ့ကို မေ့လုနီးနီး ဖြစ်ခဲ့ပါတယ် ။ ”

” ဒီရာသီ မန်ဒီ ဒဏ်ရာလည်းရ ၊ လက်စွမ်းလည်း ကျနေချိန် ၊ ကီပါ က ချက်ချင်း ဝင်ရောက် အစားထိုးပေးနိုင်ခဲ့တာကြောင့် လူတွေရဲ့ အသိအမှတ်ပြုခြင်းကို ပြန်လည် ရရှိလာပါတယ် ။ ဟိုးရှေ့တပတ်က ဗီလာနဲ့ ပွဲက သူ့ရဲ့ လက်စွမ်းကို ခင်ဗျားတို့ စောင့်ကြည့်ခဲ့တယ်ဆိုရင် ၊ သူဟာ ကြီးကျယ်တဲ့ ကာကွယ်မှုတွေ လုပ်ပြခဲ့တယ် ဆိုတာ မြင်တွေ့ခဲ့ရမှာပါ ။ ”

” ဒီလူက ပြောင်းလဲသွားပြီ ဆိုတာ ခင်ဗျား ချက်ချင်း သဘောပေါက်မိမှာပါ ။ သူဟာ ဒီကာကွယ်မှုတွေကြောင့် ပိုးကောင် အဆင့်ကနေ လိပ်ပြာ အဆင့်ကို ကူးပြောင်းသွားပါတယ် ။ လက်စွမ်း ထိုးကျခဲ့တဲ့ ကာလတုန်းက ရခဲ့တဲ့ လူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို သူဟာ တရက်ချင်းစီ ခံယူခဲ့ရပါတယ် ။ ”

” နေ့တိုင်း ဒီ ဝေဖန်မှုတွေကို သူ တွေးတောခဲ့ရပါတယ် ။ ကစားသမား အများစုဟာ ဒီလို အနေအထားကနေ လုံးဝ ပြန်မလာနိုင်ကြပါဘူး ။ ပွဲထွက်စာရင်း အနားကို ပြန်မကပ်နိုင်ကြတဲ့ ကစားသမား အများအပြား ကျွန်တော့ ဘဝမှာ မြင်တွေ့ဖူးပါတယ် ။ ဒီနေရာမှာ ခင်ဗျားသာဆို သူတို့ အတွက် ပြန်လမ်း မရှိဘူးလို့ပဲ တွေးမိမှာပါ ။ ”

” အထူးသဖြင့် ကီပါဆို သူ့ရှေ့မှာ ဆုတွေ တခုပြီး တခု ယူပြထားတဲ့ မန်ဒီ ရှိနေခဲ့ပါတယ် ။ အရင်က ကြုံခဲ့တဲ့ အခက်အခဲ ကာလတွေကနေ အခု အနေအထားဆီ ရောက်အောင် ပြန်လာနိုင်ခဲ့တာ ဟာ ကီပါရဲ့ မယုံနိုင်ဖွယ်ရာ စိတ်ဓာတ် ကြံ့ခိုင်မှုကြောင့် ဖြစ်ပါတယ် ။ ”

” အကယ်၍ မန်ဒီက လက်စွမ်း ပြန်တက်လာရင်တောင် ဂရေဟမ် ပေါ်တာ ဟာ ကီပါကို ပွဲထွက်စာရင်းကနေ ဖယ်ရှားသွားမှာ မဟုတ်ပါဘူး ။ ချန်ပီယံလိဂ် ဖိုင်နယ် က ကားရီးယက်စ်ရဲ့ စိတ်ပျက်ဖွယ် အခိုက်အတန့်တွေကို ကျွန်တော်တို့ အားလုံး မြင်တွေ့ခဲ့ဖူးကြပါတယ် ။ ”

” ကီပါ က သူ့ အခြေအနေလောက် အထိ မဆိုးရွားဘူး ဆိုပေမယ့် ၊ လမ်းစ မတွေ့လောက်တော့တဲ့ အနေအထား အထိ ရောက်ခဲ့ပါတယ် ။ သူ့နေရာမှာ တခြား ကစားသမားတွေ လုံးဝ ပြန်မလာနိုင်တော့တာကို ကျွန်တော် ကိုယ်တွေ့ မြင်ဖူးပါတယ် ။ ”

” ကီပါ ဖြတ်သန်းလာတဲ့ ခရီးကို လူတွေက အထင်အမြင် သေးကြတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် သူ လုပ်ပြခဲ့တာ က လုံးဝ အံ့သြဖွယ်ရာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR