ပွဲထွက်ခွင့်ရဖို့ ဂါနာချို ဒီလောက်ထိ စောင့်ဆိုင်းခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဖွင့်ပြောလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ယူရိုပါလိဂ် အုပ်စု ပွဲစဥ် 5 အဖြစ် အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ မော်လ်ဒိုဗာ အခြေစိုက် ရှရိဖ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 3 – 0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ရပ်ရှ်ဖို့ ၊ ဆန်ချို တို့ကို အနားပေးခဲ့ပြီး တိုက်စစ်မှာ ရော်နယ်ဒို ၊ အန်တိုနီ နဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး ဂါနာချို တို့ကို ပွဲထွက် ကစားခွင့် ​ပေးခဲ့ပါတယ် ။ ဒါဟာ လူငယ််လေးအတွက်တော့ အမှတ်တရ နေ့စွဲပါပဲ ။

ဂါနာချိုဟာ ဒီပွဲမတိုင်ခင်တုန်းက ဘရိုက်တန် ၊ ရီးယဲ ဆိုဆီဒက် ၊ ရှရိဖ် နဲ့ ပွဲစဥ်တွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် လူစားဝင် ကစားပေးခွင့် ပိုင်ဆိုင်ခဲ့ဖူးပါသေးတယ် ။ ဒါပေမဲ့ ဒါဟာ သူ့အတွက် ယူနိုက်တက် စီနီယာ ကစားသမားဘဝ ပထမဆုံး ပွဲထွက် ကစားခွင့် ရရှိခြင်းပဲ ဖြစ်ခဲ့ရပါတယ် ။

ဒါတွေ မတိုင်ခင် တုန်းက ဂါနာချို ဟာ ရာသီကြို ပွဲစဥ်တွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပါသေးတယ် ။ အဆိုပါ အချိန််တုန်းကတော့ သူဟာ ဒီရာသီ စီနီယာ အသင်းမှာ ကစားချိန် မိနစ်တွေ အများကြီးရနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ သူဟာ စီနီယာ အသင်းကြီးအတွက် ပွဲထွက်ခွင့် စတင်ရရှိနိုင်ဖို့ 15 ပွဲအထိ စောင့်ဆိုင််းခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ရှရိဖ် နဲ့ ပွဲမှာ ပုံစံကောင်း ပြသသွားနိုင်ခဲ့တဲ့ ဂါနာချို ကို ပွဲထွက်ခွင့် မပေးခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ဒါဟာ သူ့ဆီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့ရတယ်လို့ ထင်မိပါတယ် ။ သူက ကျွန်တော် မျှော်လင့်ထားခဲဲ့သလိုမျိုး လုပ်ပြသွားနိုင်ခဲ့တယ်လေ ။ ပထမဆုံး အနေနဲ့ ပြောရရင် သူဟာ ပြီးခဲ့တဲ့ တစ်ပါတ်ထဲက အသင်းကြီးမှာ အခွင့်အရေး ရရှိဖို့ ထိုက်တန်ခဲ့တာပါ ”

” ဒီရာသီမှာ သူ့ရဲ့ စတင်ပုံက အနည်းငယ် ခက်ခဲခဲ့ပါတယ်် ။ ကျွန်တော် အစတုန်းက သူနဲ့ ပတ်သက်လို့ မပျော်မရွှင် ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ပါတ်က စတင်ပြီး သူနဲ့ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်ခဲ့ရပါတယ် ။ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်တွေ ပိုပြီး ခိုင်မာ ပြတ်သားလာခဲ့ရတယ်လေ ”

” ပြီးတော့ သူဟာ ထိုးဖောက်ဖို့ ခက်ခဲတဲ့ ပြိုင်ဖက်တွေရဲ့ ကြားမှာ ဘောလုံးကိုင် ကစားပေးနိုင်တဲ့ ပါရမီ ရှိနေတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ် ။ သူက ပြိုင်ဖက်ကို ကျော်ဖြတ််နိုင်သလို အလိမ်အခေါက် စွမ်းရည်လည်း ကောင်းလှပါတယ် ။ သူ့ရဲ့ ဖြတ်ကျော်ပုံတွေက တကယ့်ကို ကောင််းမွန်ခဲ့တယ်လေ ”

” အထူးသဖြင့် သူဟာ ခံစစ် ကျစ်လျစ်အောင် ကစားလိုကြတဲ့ ပြိုင်ဖက်တွေကို ထိုးဖောက်ရတာ နှစ်သက်သူ တစ်ဦးပါပဲ ။ အဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်် ။ သူ့အနေနဲ့ အသင်းမှာ ပွဲထွက်ခွင့် ရရှိနိုင်ဖို့ အတွက် ဒီထက် ပိုကောင်းအောင် ကြိုးစားရမယ်ဆိုတဲ့ အတွေးရှိနေဖို့ အရေးကြီးပါတယ် ”

” သူ့အနေနဲ့ ဖန်တီးမှုတွေ လုပ်ဆောင်ရင်း အသင်းအဖွဲ့ တစ်ခုအတွက် ကစားနေတယ်ဆိုတာကိုမမေ့ဖို့ လိုအပ်လှပါတယ် ။ လူငယ်တွေ အနေနဲ့ ရင့်ကျက်ဖို့ ၊ ပါဆင်နယ်လတီ ပိုကောင်းဖို့လိုအပ်ပါတယ် ။ ဘောလုံးမှာ စကေးပြနေတာ ၊ ဂိုးတွေ သွင်းယူတာကပဲ အရာရာတိုင်း မဟုတ်ဘူးဆိုတာကို သူတို့ နားလည်ဖို့လိုအပ်ပါတယ် “လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar