၅ ပွဲဆက် ဂိုးပေါက်ပျောက်နေမှု အပေါ် ပြောကြားရင်း ဂန်းနား လူငယ် နှစ်ဦး ကို ချီးကျူးလိုက်တဲ့ ဂျေးဇု

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး အသင်း ကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့တဲ့ ဂျေးဇု ဟာ ရာသီအစမှာ တုန်းက သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ နဲ့ ခြေစွမ်းပြ နိုင်ခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ သွင်းဂိုး ရဖို့ကို ရုန်းကန် နေရပါတယ် ။

ဘရာဇီး တိုက်စစ်မှူး ဂျေးဇု ဟာ အာဆင်နယ် အသင်းမှာ ဂိုးပေါက် ပျောက်နေတာ ငါးပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ ပွဲမှာလည်း အပိုင် ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ဂိုးဝင်အောင် အဆုံးသတ် နိုင်ခဲ့ခြင်း မရှိပါဘူး ။

ဂျေးဇု က​တော့ ဒီနေ့ညမှာ ကစားမယ့် PSV နဲ့ ပွဲကြို အင်တာဗျူးမှာ ” ကျွန်တော် နောက်ဆုံး ပွဲထွက် ကစားခဲ့တဲ့ လေးပွဲဆက် ဂိုးသွင်း နိုင်ခဲ့ခြင်း မရှိပါဘူး ။ အရင်တုန်းကလည်း အဲ့ဒီလို ဖြစ်ခဲ့ဖူးပါတယ် ၊ နောင် အနာဂတ် မှာလည်း ထပ်ဖြစ်လာနိုင်ချေ ရှိတယ် ဆိုတာ သေချာသလောက်ပါပဲ ၊ ဒါက​ ဘောလုံးမှာ ဖြစ်နေကြပါပဲ ။ ”

” ကျွန်တော် လည်း ခုလို ဂိုးပေါက် ပျောက်တာမျိုး မဖြစ်ချင်ပါဘူးဗျာ ။ ကျွန်တော် ကတော့ အမြဲတမ်း တိုးတက်ချင် တာကြောင့် တောက်လျှောက် ကြိုးစား နေမှာပါပဲ ၊ လာမယ့် ပွဲကျရင်လည်း ကျွန်တော် ကြိုးစား သွားဦးမှာပါ ၊ ကျွန်တော် ဂိုးသွင်းနိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် ဂျေးဇု က အာဆင်နယ် လူငယ် ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ ဆာကာ နဲ့ မာတင်နယ်လီ တို့နဲ့ တွဲကစားရတာ ကံကောင်းတယ်လို့လည်း ဆိုသွားခဲ့ပါတယ် ။ ” သူတို့က စက်တွေနဲ့ တူတဲ့ ကစားသမားတွေလို့ ကျွန်တော် အမြဲ စနောက် လေ့ ရှိပါတယ် ။ ”

” ဟုတ်လည်းဟုတ်တယ်လေဗျာ ၊ ကျွန်တော် က ကိုယ့်ကိုယ်ကို energy ရှိလှပါချည်ရဲ့ လို့ ထင်မှတ်ထားတာပါ ၊ ဒါပေမယ့် သူတို့ နှစ်ယောက်ရဲ့ မနားတမ်း ပြေးလွှား ကစားပုံ ကို မြင်တွေ့မှပဲ သူတို့ နဲ့ နီးတောင် မနီးစပ်တဲ့ အနေအထား မှာပဲ ရှိနေသေးတယ် ဆိုတာ သိသွားခဲ့ပါတယ် ။ ”

” သူတို့က အသက်လည်း ငယ်ပါသေးတယ် ၊ ကျွန်တော့် အတွက်တော့ သူတို့နဲ့ တွဲကစားရတာ ကံကောင်းမှု တစ်ခုပါပဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဆာကာ ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် လေးဂိုး သွင်း လေးဂိုးဖန်တီး ပေးထားပြီး မာတင်နယ်လီ ကတော့ လေးဂိုး သွင်း နှစ်ဂိုး ဖန်တီး ပေးထားပါတယ် ။

SM