အာဆင်နယ် နဲ့ မန်စီးတီး အပါအဝင် ဥရောပ အသင်းကြီးတွေ စိတ်ဝင်စားနေကြတဲ့ မူဒရစ် ရဲ့ တန်ကြေးကို ပြောပြလိုက်တဲ့ ရှက်တာဒိုးနက်

 

ရှက်တာဒိုးနက် အသင်းဟာ သူတို့ရဲ့ တောင်ပံ တိုက်စ် ကစားသမား မူဒရစ် ကို ယူရို သန်း ၁၀၀ အထက် ရမှပဲ ရောင်းထုတ်သွားမယ်လို့ အာဆင်နယ် ၊ မန်စီးတီး တို့ကို အသိပေး ပြောကြား လိုက်ပါတယ် ။ ယူကရိန်း လက်ရွေးစင်ဟာ ဒီရာသီမှာ ရှက်တာဒိုးနက် အတွက် ၁၁ ပွဲ ကစား ၆ ဂိုးသွင်း ၊ ၇ ဂိုး ဖန်တီး ထားသူပါ ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ပေပေ ကို အငှား ချခဲ့ပြီးနောက် တောင်ပံ တိုက်စစ်နေရာအတွက် မူဒရစ်ခ် ကို ချိတ်ဆက် ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် ဟာ ကွင်းလယ်လူတွေ ဒဏ်ရာ ရသွားခဲ့တာကြောင့် တောင်ပံ တိုက်စစ် ကစားသမား ခေါ်ယူရေးကို ဦးစားပေးအဆင့်ကနေ ပြန်လည် လျော့ချ ခဲ့ရပါတယ် ။

မူဒရစ်ခ် ကို ခေါ်ယူဖို့ အဲဗာတန် အသင်းကလည်း ကြိုးပမ်းခဲ့ပြီး ရှက်တာ ဒိုးနက် အသင်းဘက်က အဲဗာတန် ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချ ခဲ့ပါတယ် ။ ဒါကြောင့် မူဒရစ်ခ် ဟာ ဘယ်အသင်းကိုမှ မပြောင်းဖြစ်တော့ဘဲ ရှက်တာဒိုးနက် အသင်းမှာ ဆက်ရှိဖို့ ဖြစ်သွားခဲ့တာပါ ။

အခု လက်ရှိ အချိန်မှာတော့ ရှက်တာဒိုးနက် အသင်းရဲ့ အားကစား ဒါရိုက်တာ ကာလို နီကိုလီနီ က ” အာဆင်နယ် နဲ့ မန်ချက်စတာ စီးတီး အသင်း နှစ်သင်း က ကျွန်တော်တို့ ကစားသမားကို စိတ်ဝင်စားမှု ရှိနေကြတဲ့ အသင်း နှစ်သင်းပါ ။ ဒါပေမယ့် တခြား အသင်းတွေကလည်း သူ့အတွက် ငွေသုံးစွဲဖို့ အသင့် ရှိနေကြပါတယ် ။ ”

” ယူရို သန်း ၄၀ ပေးရင် သူ့ကို ခေါ်ယူနိုင်ဖို့ လုံလောက်လား ဟုတ်လား ? အဲ့လောက် ပမာဏ နဲ့ ကမ်းလှမ်းလာရင် အဖက်လုပ်ပြီး စကားပြောမှာတောင် မဟုတ်ပါဘူး ။ ယူရို သန်း ၅၀ ပေးရင်တောင် မရပါဘူး ၊ အဲ့လောက်လေးနဲ့ ဆိုရင် ကမ်းလှမ်းမှုကို ဆွေးနွေးဖို့ အသင်း ဥက္ကဋ္ဌ ကိုတောင် အကြောင်းကြားမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော်တို့ အသင်းဘက်က ရှင်းပါတယ် ၊ မန်ယူနိုက်တက် အန်တိုနီ ကို ခေါ်ယူစဉ်တန်းက ပေးခဲ့ရတဲ့ ယူရို သန်း ၁၀၀ ထက် မူဒရစ် က ပိုပြီး တန်ကြေးမြင့်တယ်လို့ မှတ်ယူ ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မူဒရစ်ကတော့ ပရီးမီးယားလိဂ် မှာ ကစားရဖို့ဟာ သူ့ရဲ့ အိပ်မက် ဖြစ်ကြောင်း ဆိုထားပြီး အာဆင်နယ် သာ ကမ်းလှမ်း လာရင် ငြင်းပယ် သွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြား ထားဖူးပါတယ် ။

” ဆောင်းရာသီ အပြောင်းအရွှေ့ကျရင် ကျွန်တော်တို့ တွေ့မြင် ရပါလိမ့်မယ် ။ ကျွန်တော့်ကို လိုချင်ကြတဲ့ အသင်းတွေ နဲ့ ဆွေးနွေး ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ် ၊ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ ၊ ကျွန်တော် အခု ရှက်တာ မှာ ရှိနေပါတယ် ၊ ဒီအသင်းအတွက် ကျွန်တော် ကစားပေးချင်ပါတယ် ။ ”

” ရှက်တာ က ကျွန်တော့် အသင်းပါ ၊ ရှက်တာ က လူတွေအားလုံးကို ကျွန်တော် ချစ်ပါတယ် ၊ ရှက်တာက ကျွန်တော့် အိမ်ဆိုလည်း မှန်ပါတယ် ၊ အခု အချိန်မှာ ရှက်တာ အတွက်ပဲ လုံးဝ တွေးထားပါတယ် ၊ ဒါပေမယ့် ဆောင်းရာသီကျရင်တော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ ။ ”

” ကစားသမားတိုင်းက ပရီးမီးယားလိဂ် မှာ ကစားချင်တဲ့ အိပ်မက် ရှိကြတာပါပဲ ၊ ပြောရတော့ ခက်ပါတယ် ၊ အာဆင်နယ် က အရမ်းကောင်းတဲ့ အသင်း ဖြစ်သလို သိပ်တော်တဲ့ နည်းပြလည်း ရှိနေပါတယ် ၊ သူတို့ ကစားတဲ့ပုံစံကိုလည်း ကျွန်တော် သဘောကျပါတယ် ၊ ကျွန်တော့်ဘက်ကတော့ အာဆင်နယ် ကို ပြောင်းဖို့ No လို့ ပြောမှာ မဟုတ်ဘူး ၊ ဒါပေမယ့် အပြောင်းအရွှေ့ကိစ္စတွေက ကျွန်တော့် တစ်ဦးတည်း ဆုံးဖြတ်ချက်အပေါ် မူမတည်ပါဘူး ။ ” လို့ ပြောကြား ခဲ့တာပါ ။

SM