အပြောင်းအရွေ့ စျေးကွက်မှာ လီဗာပူးတို့ ဘာတွေ အမှားအယွင်း လုပ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ကာရေဂါ

 

ဂျေမီကာရေဂါက လီဗာပူး နည်းပြ ယာဂန်ကလော့ နဲ့ ကလပ် တာ၀န်ရှိသူတွေဟာ အသင်းကို ကွင်းလယ် အင်အား မဖြည့်တင်းဘဲ နောက်တစ်ရာသီ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာဟာ မှားယွင်းတဲ့ ယူဆချက် ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ရာသီအစပိုင်းမှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၁၁ ပွဲကစား ရမှတ် ၁၆ မှတ်သာ စုဆောင်းနိုင်ခဲ့ကာ ဒဏ်ရာပြသနာတွေကလည်း ယာဂန်ကလော့ရဲ့ အသင်း လမ်းကြောင်းမှန်ပေါ် အမြန်ဆုံး ပြန်လည် ရောက်လာအောင် ကြိုးစားတဲ့ နေရာမှာ အကူအညီ မဖြစ်စေခဲ့ပါဘူး။

နော့တင်ဟမ်ဖောရက်စ်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ ပွဲထွက်စာရင်းမှာ အသက် ၂၁ နှစ်အောက် ကစားသမား ၃ ဦး ပါ၀င်ကစားခဲ့ကာ အသင်းဟာ ဟန်ချက်မညီ ဖြစ်ခဲ့ပြီး ကစားပုံကလည်း ဆိုးရွားခဲ့ပါတယ်။ အိုင်ယက်ကို မနေ့ညက ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ နူးနက် ပြန်လည် ကစားနိုင်ခဲ့တဲ့ အပြင် ကစားသမား တစ်ချို့ကလည်း လိဒ်နဲ့ပွဲစဉ် မတိုင်မီ ကြံ့ခိုင်မှု ပြန်လည် ပြည့်၀လာဖို့ ရှိနေပါတယ်။

ကာရေဂါက ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးတို့ ကွင်းလယ်လူကောင်း တစ်ဦး မခေါ်ယူနိုင်ခဲ့ခြင်းဟာ ဒီရာသီအစပိုင်းမှာ ယခုလို ရုန်းကန် နေရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ကာရေဂါက “နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ ခင်ဗျားတို့ လီဗာပူး ကွင်းလယ်ကို တစ်ချက် ကြည့်လိုက်ပါ။ ဒါဟာ သိပ်ပြီး ကောင်းတဲ့ ကွင်းလယ် မဟုတ်ပါဘူး။ အယ်လီယော့ ကာဗယ်ဟို နဲ့ ကာတစ်ဂျုံး တို့ဟာ အတွေ့အကြုံ နုနယ်သေးတဲ့ လူငယ် ကစားသမားတွေ ဖြစ်ကာ သူတို့ထဲက တစ်ဦးကိုသာ ဝါရင့် ကွင်းလယ် ကစားသမားတွေနဲ့ တွဲဖက် ကစားစေတာက ပိုမို အလုပ်ဖြစ်မှာပါ။ တစ်ပြိုင်နက်လည်း သူတို့ကို ပွဲထွက် ကစားစေတာ အဆင်မပြေလှပါဘူး။

ဘာပဲဖြစ်ဖြစ် လီဗာပူးရဲ့ ကစားပုံက အဲဒီပွဲမှာ ဆိုးရွားခဲ့ပါတယ်။ ရလဒ်လည်း ဆိုးပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်ကတော့ လီဗာပူး တာ၀န်ရှိသူတွေဟာ ကွင်းလယ်ပိုင်းကို အင်အား မဖြည့်တင်းဘဲ နောက်တစ်ရာသီ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပုံပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဘယ်လင်ဟမ် နဲ့ ရီးရဲယ်မက်ဒရစ်ကို ရွေးချယ်သွားခဲ့တဲ့ ချူအာမန်နီ တို့နဲ့ လွဲခဲ့တာကြောင့် ဖြစ်ပါတယ်။

သူတို့ ပြီးခဲ့တဲ့ နွေရာသီက ကွင်းလယ် ကစားသမားကောင်း တစ်ဦးကို ၀ယ်ယူခဲ့သင့်တယ် ဆိုတာကို ဒီရာသီက သက်သေပြနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ လီဗာပူးရဲ့ ကွင်းလယ်ဟာ ရုန်းကန် နေရလို့ ဖြစ်ပါတယ်။ အသင်းတစ်သင်းဟာ ခံစစ် နဲ့ တိုက်စစ်ပိုင်းမှာ ပြသနာတွေ ရှိနေပြီ ဆိုရင် အရင်ဦးဆုံး ကြည့်သွားရမှာက ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM