အင်တာပွဲရလဒ်ကြောင့် ဘိုင်ယန်ကို ဂိုးပြတ်ရှုံးဝာာလို့ ဇာဗီ ဆင်ခြေပေး

မာနေး ၊ ချုပိုမိုတင်း ၊ ဘင်ဂျမင် ပါဗက် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂျာမန် ဘီလူကြီး ဘိုင်ယန်မြူးနစ် အသင်းဟာ နူးကမ့် မှာ ဘာစီလိုနာ အသင်းကို ဂိုးပြတ် ခြေပြတ် အနိုင် ရသွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီကတော့ အိမ်ကွင်း နူးကမ့်မှာ ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့် သွားခဲ့တာဟာ အစောပိုင်းမှာ ကစားခဲ့တဲ့ အင်တာမီလန် အသင်း ရဲ့ အနိုင်ရလဒ်ကြောင့် ဖြစ်တယ်လို့ ဆင်ခြေ ပေးသွား ခဲ့ပါတယ် ။

အင်တာမီလန် အသင်းဟာ ဗစ်တိုးရီးယားပလာဇန် အသင်းကို လေးဂိုးပြတ် အနိုင် ရသွားခဲ့တာကြောင့် ဘာစီလိုနာ အသင်းရဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် မျှော်လင့်ချက်ဟာ ပွဲကစားမှီ အချိန်ကတည်းက ဆိတ်သုဉ်း သွားခဲ့ရပြီး ယူရိုပါလိဂ် ပြိုင်ပွဲကို ဆင်း ကစား ရတော့မှာ ဖြစ်ပါတယ် ။

အင်တာမီလန် အသင်း အနိုင်ရလဒ်ကြောင့် ဘာစီလိုနာ အသင်းဟာ နှစ်နှစ်ဆက် ယူရိုပါလိဂ် ပြိုင်ပွဲကို ဆင်းကစား သွားရတာပါ ။ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့မှုဟာ ဘာစီလိုနာ အသင်းရဲ့ရလဒ်ပိုင်းကို ထိခိုက် သွားစေခဲ့တယ်လို့ နည်းပြ ဇာဗီ က ဆိုပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ပထမပိုင်းမှာ ကတည်းက ဘာစီလိုနာ အသင်းကို ဆာဒီယို မာနေး ၊ ချုပိုမိုတင်း တို့ရဲ့ သွင်းဂိုး တွေ နဲ့ ဦးဆောင် နေခဲ့တာ ဖြစ်ပြီး ၊ ပွဲပြီးခါနီးမှာ ဘင်ဂျမင် ပါဗက် က တတိယမြောက်ဂိုး ကို သွင်းယူ ပေးခဲ့ပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဘာစီလိုနာ နည်းပြ ဇာဗီ က ” ကျွန်တော်တို့ ဒီနေ့ သူတို့ကို ယှဉ်မကစား နိုင်ခဲ့ပါဘူး ။ သူတို့ရဲ့ အဆင့်အတန်းကို မှီအောင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ၊ ဘိုင်ယန် ကစားတာ သိပ်ကောင်းခဲ့ပြီး ကျွန်တော်တို့ အသင်းထက်လည်း ပိုကောင်း ခဲ့ပါတယ် ။ ”

” ပွဲကစားခင် အချိန်ကတည်းက ပြိုင်ပွဲက ထွက်ခွာ ခဲ့ရပြီမှန်း သိနေတာက အသင်းသားတွေရဲ့ စိတ်ဓတ်ပိုင်း ကို အများကြီး ထိခိုက်မှု ရှိစေ ခဲ့ပါတယ် ။ ကျွန်တော်တို့ တကယ့်ကို ခက်ခဲတဲ့ အုပ်စု ထဲ ကျရောက်သွားခဲ့တာပါ ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာက ဖြစ်ပျက်ခဲ့တာတွေက ကျွန်တော်တို့ အပေါ် ရက်စက်လွန်း ခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့ လုံးဝ ယှဉ် မကစားနိုင်ခဲ့ပါဘူး ။ အရင်နေ့တွေတုန်းကမှ ယှဉ် ကစားနိုင်ခဲ့ပါသေးတယ် ။ ”

” အသင်းပြင်ဘက်က လူတွေကတော့ ကျွန်တော်တို့ရဲ့ ကျရှုံးမှု အကြောင်း ပြောနေကြမယ်ဆိုတာ သိပါတယ် ။ ဒါပေမယ့် အသင်းအတွင်းမှာတော့ ကျွန်တော်တို့ analysis တွေ ပြန်လုပ် သွားမှာပါ ၊ တခြား ပွဲတွေကို analyse လုပ်ကြည့်ရင် ကျွန်တော်တို့ အခုထက် ပိုထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်း နှစ်နှစ်ဆက် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတာဟာ လူးဝစ် ဗန်ဂါးလ် လက်ထက် ၁၉၉၇-၁၉၉၈ နဲ့ ၁၉၉၈-၁၉၉၉ ခုနှစ်တွေမှာ နှစ်နှစ်ဆက် အုပ်စုကနေ ထွက်ခွာခဲ့ရတဲ့နောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ် ။

SM